ပြည်ထောင်စုဝန်ကြီးမှ ကမ္ဘာ့အလုပ်သမားနေ့တွင် ပြောကြားသည့်မိန့်ခွန်း

Ministry of Labour https://mol.nugmyanmar.org/my/speeches/union-ministers-speech-on-international-labour-day/

၂ဝ၂၃ ခုနှစ်၊ မေလ ရက်နေ့တွင်ကျရောက်သည့်       ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပြောကြားသည့်မိန့်ခွန်း

 ၁။      ဒီနေ့အခမ်းအနားကို တက်‌ရောက်လာတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စု ဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုမှ အလုပ်သမားကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပမှ အလုပ်သမားများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်…..

၂။       ခေတ်အဆက်ဆက် အလုပ်သမားအခွင့်အရေးများ ရရှိအောင် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံတကာမှ အလုပ်သမားများ၊ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် အဆက်ဆက်ကို တော်လှန်မှုမှာ ရှေ့တန်းက ပါဝင်ခဲ့၊ ပါဝင်နေဆဲ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားထုကို ဂုဏ်ပြုသောအားဖြင့် ဒီနေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနက ဦးဆောင်ကျင်းပခြင်းဖြစ်ပါတယ်။

၃။      မြန်မာအလုပ်သမားများဟာ စစ်အာဏာရှင် အမြစ်ဖြတ်ဖြုတ်ချရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ရေး နွေဦးတော်လှန်ရေးမှာ အလုပ်သမားအခွင့်အရေးထက် တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေကို ဆွဲတင်ဖို့ နိုင်ရာနည်းလမ်းများနဲ့ တော်လှန်ရေး အင်အားစုအားလုံးနဲ့ ညီညွတ်စွာ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ ဒီညီညွတ်မှု ဖြင့်သာ တော်လှန်ရေးအောင်ပွဲကို အရယူနိုင်မှာဖြစ်လို့ ဒီနှစ်ရဲ့ ကမ္ဘာ့အလုပ်သမားနေ့ ဆောင်ပုဒ်ကို “လုပ်သားထုရဲ့ သွေးစည်းသံ တချီတည်းရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future”   လို့သတ်မှတ်ထားပါသည်။

၄။      မိမိတို့အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားထုကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုနဲ့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တွင် စစ်ကောင်စီကို အသိအမှတ်မပြုရေး၊ အမျိုးသားညီညွတ်‌ရေးအစိုးရကို အသိအမှတ်ပြုရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို တင်ပြပြီး အကြမ်းဖက်စစ်တပ်ကို ထိရောက်စွာ အရေးယူနိုင်‌ရေး၊ ပြည်တွင်းမြေပြင်သပိတ်နှင့် စစ်အာအာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်နေပါတယ်။

၅။      ဒါ့အပြင် စစ်ကောင်စီ၏ ပြည်သူများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို လက်တွေ့ကျကျ ဟန့်တားနိုင်ရေးအတွက် လေယာဉ်ဆီ၊ စက်သုံးဆီနှင့် လက်နက်ဝယ်ယူမှုတွင် မဖြစ်မနေ အသုံးပြုရမည့် နိုင်ငံခြားဝင်ငွေရရှိမှု ဖြတ်တောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါတယ်။ မကြာမီ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုနှင့် ပူး‌ပေါင်း၍ စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေရရှိမှု လမ်းကြောင်းကို ဖြတ်တောက်မည့် လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်။

၆။      အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တော်လှန်အလုပ်သမားများအား လိုအပ်သော အကူအညီပေးခြင်း၊ စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး နေပါတယ်။ တော်လှန်ရေးကာလ ပြည်တွင်း၊ ပြည်ပအလုပ်သမားအခွင့်အရေး ချိုးဖောက်မှု များကို တိုင်ကြားမှုယန္တရား တစ်ခုတည်ထောင်၍ အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့များနှင့် ပူးပေါင်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ပြည်သူ့အစိုးရ တက်လာချိန်တွင် အရေးယူနိုင်ရေး မှတ်တမ်းထားခြင်း၊ ပြည်သူ့ဝန်ထမ်း စီဒီအမ်များနှင့် အလုပ်သမားများအား ကူညီထောက်ပံ့ခြင်း၊ သက်မွေးပညာသင်တန်းနှင့် စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၇။      ကြားကာလတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ အလုပ်အကိုင်ဖန်တီးရေး နှင့် ဝင်ငွေရရှိတိုးပွားရေး လုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော်နေပြီး ပြန်လည် တည်ဆောက်ရေးကာလအတွက် ရည်ရွယ်၍ အလုပ်သမားရေးရာ ဥပဒေမူဘောင် နှင့် လုပ်သားထုစွမ်းရည် မြှင့်တင်ရေးမူဘောင်ကို ရေးဆွဲလျက် ရှိပါတယ်။ ပြည်ပရောက်မြန်မာ ရွှေ့ပြောင်း အလုပ်သမားထုနဲ့ ပူးပေါင်းပြီး ပြည်သူ့ခုခံတော်လှန်စစ်ကို တိုက်ရိုက် အထောက်အကူ ဖြစ်စေမယ့် လုပ်ငန်းများကိုလည်း ဆက်လက် အကောင်အထည် ဖေါ်သွားဖို့ ရှိပါတယ်။

၈။      အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံမှာ  အလုပ်သမားများရဲ့ အခြေခံအခွင့်အရေး တွေကို အကာအကွယ်ပေးမယ့် ဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းများ ပါဝင်အောင်လည်း ဆောင်ရွက်လျက် ရှိပါတယ်။

၉။      မြန်မာပြည်သူတစ်ရပ်လုံး လူ့အခွင့်အ‌ရေး ချိုးဖောက်ခံနေရချိန်မှာ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားထုအပေါ်မှာလည်း  အခြေခံအလုပ်သမား အခွင့်အရေးချိုးဖောက်မှုခံရမှု များစွာ ရှိနေပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းပြည်ကို အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်ကစလို့ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျနေပြီး ပြည်သူတစ်ရပ်လုံး လူမှုစီးပွါး ဒုက္ခပေါင်းစုံ ခံစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူများကို ဖိနှိပ်မှု ပိုမိုကြမ်းကြုတ်လာပြီး ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုမှာ အရပ်သား ၁၇၀ နီးပါးသေဆုံးခဲ့ပြီး ကလေးငယ် ၄၀ ကျော်ပါဝင်ခဲ့ပါတယ်။ ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုပြုလုပ် လာပါတယ်။

၁၀။    ဒီလိုလွန်စွာခက်ခဲကြပ်တည်းတဲ့ အခြေအနေမှာ တော်လှန်မြန်မာအလုပ်သမားများနဲ့ အတူ  ဓမ္မဘက်က ရပ်တည်ပြီး ပူးပေါင်းကူညီနေတဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများနဲ့ အဖွဲ့ဝင်အလုပ်သမားများကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ Global Unions တွေရဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ ရပ်တည်ကြောင်းနှင့် နိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်မှုမှာ အတူရှိမည်ဆိုသော ကတိကဝတ်ပြုမှုက မိမိတို့ကို အားတက် စေပါတယ်။ လက်တွေ့ကျပြီး ထိရောက်တဲ့ အကူအညီများ ဆက်လက်ထောက်ပံ့ပေးဖို့ လိုပါတယ်။

၁၁။    မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အမျိုးသားညီညွတ်‌ရေးအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နဲ့ ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) တို့ နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ဖို့ လိုပါတယ်။ စစ်တပ်၏ နိုင်ငံရေးမှာ ပါဝင် စွက်ဖက်မှုကို အဆုံးသတ်ခြင်းကသာ ပြဿနာတစ်ခုလုံးကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာ နိုင်ငံတကာအစိုးရတွေ သိရှိနားလည်ပြီး ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော မိမိတို့ အမျိုးသားညီညွတ်‌ရေး အစိုးရကို အသိအမှတ်ပြု ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးပါတယ်။

၁၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အမှန်တကယ် အကာအကွယ်ပေးမယ့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖြုတ်ချရေးမှာ  တော်လှန်ရေးမှာ ပါဝင်နေတဲ့ အင်အားစုအားလုံး ညီညွတ်စွာ လက်တွဲပြီး အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အရေးတော်ပုံမုချအောင်ရမည်။

 

နိုင်သုဝဏ္ဏ

ပြည်ထောင်စုဝန်ကြီး

အမျိုးသားညီညွတ်ရေးအစိုးရ

Scroll to Top