၂ဝ၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပြောကြားသည့်မိန့်ခွန်း

၁။      ဒီနေ့အခမ်းအနားကို တက်‌ရောက်လာတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုနှင့် ပြည်ပနိုင်ငံအသီးသီးရှိ ရွှေ့ပြောင်းအလုပ်သမားထု ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပမှ အလုပ်သမားများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်…..

၂။      နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ပြီး  စစ်အာဏာရှင် အမြစ်ဖြတ်ဖြုတ်ချရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် တော်လှန်ရေးအင်အားစုအားလုံးနဲ့ ညီညွတ်စွာ နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ပြည်တွင်း/ပြည်ပမြန်မာ အလုပ်သမားထုကို ဂုဏ်ယူပါကြောင်းဦးစွာ ပြောကြားလိုပါတယ်။

၃။ မြန်မာအလုပ်သမားများနဲ့အတူတကွ ခိုင်မာစွာ ရပ်တည်ပြီး ထိရောက်သော လက်တွေ့ကူညီမှုများ ပံ့ပိုးပေးနေတဲ့ အာဆီယံအပါအဝင် ကမ္ဘာ့‌ဒေသအသီးသီးမှ အလုပ်သမားထုနှင့် ခေါင်းဆောင်များကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။  Global Union တွေရဲ့အားပေးကူညီမှု၊ ညီညွတ်စွာရပ်တည်မှုများဟာ ပြည်သူများ လိုလား‌တောင်းတနေတဲ့ ဒီမိုကရေစီ ပြန်လည် ရှင်သန်ရေးနှင့် စစ်အာဏာ ရှင်ဖြုတ်ချရေးအတွက် အမှန်တကယ် အထောက်အကူ ဖြစ်စေပါတယ်။

၄။      အာဏာရှင်စနစ်ကိုပြန်လည် အသက်သွင်းဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်မှာ အလုပ်သမားအခွင့်အရေးတွေကို ဆောင်ကြဉ်းပေးနိုင်ဖို့ မျှော်လင့်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများရှိနေပါတယ်။ ဒီမိုကရေစီမထွန်းကားတဲ့ အရပ်ဒေသမှာ အလုပ်သမားအခွင့်အရေး ရရှိအောင်ဆောင်ရွက်ပေးနိုင်မယ်လို့ ထင်နေခြင်းဟာ မဖြစ်နိုင်တာကို မျှော်လင့်နေတဲ့  စိတ်ကူးယဉ်မှုသာ ဖြစ်တယ်ဆိုတာ သတိပေးချင်ပါတယ်။ “No Federal Democray, No Labour Rights! ဖက်ဒရယ်ဒီမိုကရေစီမရှိဘဲ၊ အလုပ်သမားအခွင့်အရေး ရရှိဖို့မဖြစ်နိုင်တာ သိပ်သေချာပါတယ်။” ဒါကြောင့် အကြမ်းဖက်‌စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေချက်ချင်းရပ်တန့်ပြီး  မြန်မာအလုပ်သမား ပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွေ့ကျ တဲ့ပူးပေါင်းဆောင်ရွက်မှု စတင်ဖို့တိုက်တွန်းပါတယ်။

၅။      စစ်တပ်ဟာ UNနဲ့ ILO  ဆုံးဖြတ်ချက်တွေကိုဂရုမစိုက်သလို၊ အာဆီယံ တိုက်တွန်းချက်တွေကိုလည်း လုံးဝအကောင်အထည်မဖော်ပါဘူး။ ILO စုံစမ်းစစ်ဆေးမှုအရ အခြေခံအလုပ်သမားရေးရာစံနှုန်း၂ခုကို ချိုးဖောက်မှုထင်ရှားလို့ အ‌ရေးယူခံရမဲ့ အခြေအနေမှာတောင် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး အဓမ္မစစ်သားစုဆောင်းမှုကို တရားဝင်လုပ်နေပါတယ်။ မြန်မာပြည်သူများကတော့ စစ်တပ်ရဲ့ ကောက်ကျစ်မှု၊ ကိုယ်ကျိုးကြည့်မှုနဲ့ ဖိနှိပ်မှုတွေကို သည်းခံခဲ့တာ ဆယ်စုနှစ်ပေါင်းမနည်းတော့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ သမိုင်းအဆက်ဆက်မှာ မရှိဘူးတဲ့ အစိုးရဝန်ထမ်းယန္တရားမှ ဝန်ထမ်း ၄သိန်းခန့်ဟာ အလုပ်သမား/ ပြည်သူများနဲ့ အတူ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်လာသည်အထိ အရှိန်မပျက် ဆန့်ကျင် တိုက်ပွဲဝင်နေတာကိုကြည့်ရင်သိနိုင်ပါတယ်။

၆။      အလုပ်သမားသမဂ္ဂများကို ဖြိုခွဲ၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော အလုပ်သမားများ နှင့်သမဂ္ဂခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းစတဲ့ လူမဆန်သော မတရားဖိနှိပ်နှိမ်နင်းမှုများကြားကပင် နိုင်ငံတကာတွင် ဒီမိုကရေစီနှင့် အလုပ်သမားအခွင့်အရေးအတွက် မဆုတ်မနစ် ကြိုးပမ်းနေတဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်အနေဖြင့် ၂၀၂၄ခုနှစ်ရဲ့ “Arthur Svensson’s International Prize for Trade Union Rights”  ဆုချီးမြှင့်ခံရမှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။

၇။      အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားထုနဲ့ ပူးပေါင်းပြီး ပြည်သူ့ခုခံတွန်းလှန်စစ်ကို တိုက်ရိုက် အထောက်အကူ ဖြစ်စေမယ့် နွေဦးလုပ်သားထောက်ပို့ အစီအစဉ်နဲ့ အစိုးရ၊အလုပ်ရှင်၊အလုပ်သမားပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် ၂၀၂၃ ခုနှစ်အတွင်းမှာ စတင်အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပအလုပ်သမားများနဲ့ သင်္ဘောသားတွေရဲ့  အခွင့်အရေးချိုး ဖောက်ခံရမှုများကို လက်ခံ ဖြေရှင်းနေတဲ့ တိုင်ကြားရေးယန္တရား ပိုမိုအားကောင်းစေဖို့  သက်ဆိုင်ရာနိုင်ငံမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များနဲ့  နိုင်ငံတကာ အလုပ်သမားသမဂ္ဂများရဲ့ အကူအညီနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

၈။ ဒါ့အပြင် နိုင်ငံပြန်လည် တည်ဆောက်ရေးမှာ အရေးပါတဲ့ အလုပ်သမားထု ကျွမ်းကျင်မှု တိုးတက်ရေး မူဘောင်များရေးဆွဲခြင်းနဲ့  လိုအပ်သော နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းနဲ့ အခြေခံစည်းမျဉ်းများကို မူကြမ်းပြုစုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ မြန်မာအလုပ်သမားထုနဲ့ အလုပ်ရှင်များအတူတကွ မြန်မာပြည်သူများအတွက် ဆုံးရှုံးနေတဲ့ ILO အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ အခွင့်အရေးတွေပြန်လည်ရရှိဖို့၊ အကြမ်းဖက်စစ်ကောင်စီရဲ့ အခြေခံအလုပ်သမား အခွင့်အရေး ချိုးဖောက်နေမှုကို နိုင်ငံတကာဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု ခေါင်းဆောင်များနဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။

၉။      နိုင်ငံတကာ အစိုးရများနဲ့ အိုင်အယ်လ်အို အနေဖြင့်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်ဖို့နဲ့ အလုပ်သမားများရဲ့ အခြေခံအခွင့်အရေးတွေ အပြည့်အဝ ရရှိနိုင်ဖို့ အမျိုးသားညီညွတ်‌ရေးအစိုးရနဲ့ လက်တွေ့ကျကျပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါတယ်။ အထူးသဖြင့် ဇွန်လ ၃ရက်နေ့ မှ ၁၃ ရက်နေ့အထိကျင်းမဲ့  အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှာ မြန်မာပြည်သူများ ကို အမှန်တကယ် ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ ကို အသိအမှတ်ပြုသင့်ပြီဖြစ်ပါတယ်။

၁၀။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ တော်လှန် အလုပ်သမားများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရင်း အလုပ်သမား အခွင့်အရေးများကို အမှန်တကယ်အလေးထားတဲ့ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးအတွက်  ပြည်တွင်း/ပြည်ပအလုပ်သမားထုနဲ့ အတူ အစွမ်းကုန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အရေးတော်ပုံမုချအောင်ရမည်။

 

နိုင်သုဝဏ္ဏ

ပြည်ထောင်စုဝန်ကြီး

အမျိုးသားညီညွတ်ရေးအစိုးရ

Scroll to Top