ကြေညာချက်အမှတ် (၆/၂၀၂၃) အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများနှင့် စပ်လျဉ်းသည့် အသိပေး ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

အလုပ်သမားဝန်ကြီးဌာန

email: [email protected]

ကြေညာချက်အမှတ် (၆/၂၀၂၃)

 ၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်)

ကြေညာချက်အမှတ် (၆/၂၀၂၃) အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများနှင့် စပ်လျဉ်းသည့် အသိပေး ကြေညာချက်

  1. မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေး စသည့် ကဏ္ဍအသီးသီးတွင် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေပြီး ပြည်သူ လူထုတစ်ရပ်လုံးသည် စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဘေးဒုက္ခမျိုးစုံရင်ဆိုင်ခံစားနေကြရပါသည်။
  2. အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် ပြည်တွင်း၌ လုံခြုံမှုကင်းမဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်မှု မရှိ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါး လာခြင်းနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် စားဝတ်နေရေး ခက်ခဲလာခြင်းတို့ ဖြစ်ပေါ်လျက်ရှိရာ ပြည်သူများသည် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများနှင့် ချိတ်ဆက်၍ ပြည်ပနိုင်ငံ များသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းလျက်ရှိရာ ဤအခြေအနေကို အခွင့်ကောင်းယူပြီး  အေဂျင်စီအချို့သည် ပြည်သူတို့၏ ချွေးနည်းစာမှ ဝန်ဆောင်ခများ အဆမတန်ကောက်ခံ၍ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ ငွေကြေးလိမ်လည်ရယူခြင်း၊ လုပ်သားစုဆောင်းသူ ပွဲစားများသည် တရားမဝင် လူစုဆောင်းခြင်းနှင့် တရားမဝင် နည်းလမ်းများဖြင့် ပို့ဆောင်ခြင်းတို့ ပြုလုပ်လျက်ရှိ သည်ကို တွေ့ရှိရပါသည်။
  3. ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် အလုပ်အကိုင်ရှာဖွေ ချိတ်ဆက်ဝန်ဆောင်မှုပေးရာတွင် သင့်တော်သည့် ဝန်ဆောင်ခယူ၍ ဘေးကင်းလုံခြုံသည့် ရွှေ့ပြောင်းသွားလာမှုများ ဖြစ်စေရေး၊ ဆိုက်ရောက်နိုင်ငံလုပ်ငန်းခွင်တွင် အလုပ်သမားများ၏ အလုပ်လုပ်ကိုင်မှု အဆင်ပြေရေး၊ အခွင့်အရေး အပြည့်အဝရရှိစေရေး၊ နစ်နာဆုံးရှုံးမှုများ မရှိစေ ရေးစသည့် အေဂျင်စီများ လိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာ ဆောင်ရွက်ရန်၊ မိမိတို့တာဝန်ယူ အကျိုးဆောင်ခဲ့သည့် အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် အလုပ်သမားရေးရာ ပြဿနာများ ဖြစ်ပေါ်ပါက အချိန်နှင့် တစ်ပြေးညီ လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ် သမားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ ၃၁-၃-၂၀၂၂ ရက်စွဲပါ ကြေညာချက်အမှတ်(၄/၂၀၂၂) ဖြင့် ထုတ်ပြန်အသိပေးကြေညာခဲ့ပြီး ဖြစ်သည်။
  4. အဆိုပါ ကြေညာချက်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန တွင် မှတ်ပုံတင် (Register) ပြုလုပ်ရန် ကျန်ရှိသည့် အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများ အနေဖြင့် ဝန်ကြီးဌာန၏ email: [email protected] သို့ ဆက်သွယ်ပြီး ၁၅-၁၀-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင် စာရင်းသွင်းကြရန်နှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေး ပြန်လည်စတင်ချိန်တွင် မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် အေဂျင်စီများကို တည်ဆဲဥပဒေနှင့် ကျင့်ဝတ်များ ချိုးဖောက်ထားမှု ရှိ၊ မရှိ စိစစ်ပြီးမှသာ လိုင်စင်ထုတ်ပေးပြီး လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည်ဖြစ် ကြောင်း ထပ်မံအသိပေးအပ်ပါသည်။
  5. ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် အေဂျင်စီအချို့နှင့် လုပ်သားစုဆောင်းသူပွဲစားများ၏ ကျင့်ဝတ်ချိုးဖောက်မှုများ၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း ကာ စစ်အာဏာရှင်စနစ် တည်မြဲရေး ကူညီပံ့ပိုးနေသည့် အေဂျင်စီများကို စနစ်တကျ စာရင်းပြုစု ထားရှိပြီး အမည်ပျက်စာရင်း (Blacklist) ကြေညာ၍ ကြားကာလတရားမျှတမှု ဖော်ဆောင်ရာ တွင် ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။

အလုပ်သမားဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ