ကြေညာချက်အမှတ် (၇/၂၀၂၃) ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေနှင့် စပ်လျဉ်းသည့် ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

အလုပ်သမားဝန်ကြီးဌာန

email: [email protected]

ကြေညာချက်အမှတ် (၇/၂၀၂၃)

 ၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်)

ပြည်ပနိုင်ငံများတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေနှင့် စပ်လျဉ်းသည့် ကြေညာချက်

  1. အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားပြီးဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီနှင့် ယင်း၏ အမည်ခံ အလုပ်သမားဝန်ကြီးဌာနသည် ၎င်းတို့ သက်ဆိုးရှည်စေရေးနှင့် ပြည်သူလူထုအား အကြမ်းဖက်သတ်ဖြတ်ရန် အရေးတကြီး လိုအပ်နေသော နိုင်ငံခြားငွေကို ရွှေ့ပြောင်းအလုပ်သမားများ၏ ‌သမ္မာအာဇီဝချွေးနည်းစာအား အဓမ္မခေါင်းပုံဖြတ်၍ ဖြည့်ဆည်းနိုင် ရေးအတွက် ၃၀-၈-၂၀၂၃ ရက်စွဲပါ ညွှန်ကြားစာဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ ငွေအဖြစ် အခြေခံလစာ၏ အနည်းဆုံး ၂၅ % ကို လစဉ် သို့မဟုတ် သုံးလလျှင် တစ်ကြိမ် ၎င်းတို့ သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများထံ ဖိအားပေးညွှန်ကြားခဲ့ကြောင်း တွေ့ရှိရသည်။
  2. မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လှုပ်ရှားမှုများတွင် ပြည်ပရောက်မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုသည် ထိရောက်အရေးပါကြောင်း သိရှိထားသော အကြမ်းဖက် စစ်ကောင်စီသည် အလုပ်သမားများအား မတရားအာဏာပြဖိနှိပ်ရန်နှင့် အလုပ်သမားများ၏ သမ္မာအာဇီဝချွေးနည်းစာကို အဓမ္မခေါင်းပုံဖြတ်ပြီး ပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်သတ်ဖြတ် နေသည့် အကြမ်းဖက်လုပ်ရပ်များအတွက် လိုအပ်သော လက်နက်ခဲယမ်းနှင့် ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်သည့် စစ်လေယာဉ်ဆီဝယ်ယူရာတွင် အသုံးပြုရန် အဓိကရည်ရွယ်၍ စီစဉ်ဆောင် ရွက်ခြင်း ဖြစ်သည်။
  3. အဆိုပါ လုပ်ဆောင်မှုသည် တည်ဆဲဥပဒေဖြစ်သည့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် ဥပဒေကို ကျော်လွန်ကာ အေဂျင်စီများနှင့် အလုပ် သမားများအပေါ် ဥပဒေမဲ့ ဖိနှိပ်အကျပ်ကိုင်ခြင်းဖြစ်သည့်အတွက် ပြည်ပအလုပ်အကိုင်အကျိုး ဆောင်အေဂျင်စီများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရန် လုံးဝမလိုအပ်ပါကြောင်းနှင့် အလုပ်သမားများကို အတင်းအကျပ်ဖိအားပေး လိုက်နာစေခြင်း၊ လုပ်ခလစာမှ ဖြတ်တောက်ခြင်းများလုံးဝ (လုံးဝ) မပြုလုပ်ရန် သတိပေးလိုက် သည်။
  4. တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းက ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက် မှန်သမျှ သည် တရားဝင်မှု မရှိ၊ အလိုအလျောက်ပျက်ပြယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အတိအလင်းကြေညာထားပြီးဖြစ်ရာ မြန်မာရွှေ့ပြောင်းလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကို ကန့်သတ်ထိန်းချုပ်ခြင်း၊ အလုပ်သမားများနှင့် အေဂျင်စီများအား ဖိအားပေးခြိမ်းခြောက်ခြင်း စသည့် ဖိနှိပ်အကျပ်ကိုင်မှုများ ပါဝင်သော ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီနှင့် အလုပ် သမားအကြား ချုပ်ဆိုထားသည့် စာချုပ်များသည်လည်း တရားဝင်မှု မရှိသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် အဆိုပါညွှန်ကြားချက်အပေါ် စိုးရိမ်ကြောင့်ကျမှု မဖြစ်ကြရန်၊ မိမိတို့၏ ချွေးနည်းစာများ အကြမ်းဖက်စစ်ကောင်စီထံ ရောက်ရှိသွေးစွန်းမည့် အခြေအနေကို တားဆီးရန်၊ စစ်ကောင်စီ လက်အောက်ခံ ဘဏ်များ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိကဘဏ် များနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများမှတဆင့် ငွေကြေးလွှဲပြောင်းမှုများ မပြုလုပ်ဘဲ ရှောင်ကျဉ်ကြရန် တိုက်တွန်းအပ်ပါသည်။
  5. ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာမှ ဖြတ်တောက်၍သော် လည်းကောင်း၊ အခြားတနည်းနည်းဖြင့်သော်လည်းကောင်း ဖိအားပေးလွှဲပို့ရန် လုပ်ဆောင်သည့် မည်သည့် အေဂျင်စီ သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာလိုက်သည်။

 

အလုပ်သမားဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ