uအမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ ပြောကြားသည့် မိန့်ခွန်း
ဒီနေ့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ် ကျန်းမာရေးစနစ်ဖော်ဆောင်ရန်အတွက် ဒီကနေ့ ကျင်းပသည့် အမျိုးသားကျန်းမာရေး နှီးနှောဖလှယ်ပွဲ (National Health Seminar) ကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များနှင့် ဧည့်သည်တော်များကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ကျနော်ကတော့ မွန်ပြည်ကြားကာကပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) မှ ဥက္ကဌအဖြစ် တာဝန်ယူထားသလို အမျိုးသားညီညွတ်ရေးအစိုးရ၏အလုပ်သမားဝန်းကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နိုင်ထွန်းဖေ ခေါ် နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Mon State Interim Coordination Committee (MSICC)ကိုယ်စား အမှာစကားပြောခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား –
မြန်မာတို့ပြောလေ့ရှိတဲ့ “အာရောဂျံ ပရမံ လာဘံ”ကျန်းမာခြင်းသည်လာဘ်တစ်ပါး လို့ ဆိုတာပဲ ဖြစ်ပါ တယ်။ ကျမ်းမာခြင်းဟာ မင်္ဂလာရှိတယ်၊ ကံကောင်းခြင်းဖြစ်တယ်လို့ သက်မှတ်ထားကြပါတယ်။ မြန်မာမှုအရ ဆုမွန်ကောင်းတောင်းပေးတာပဲဖြစ်ဖြစ် ဆုမွန်ကောင်းခြွေပေးတာပဲဖြစ်ဖြစ် မေတ္တာပို့ကြ တာပဲဖြစ်ဖြစ်”ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ” ဆိုပြီး တဖက်သူ၊ တဖက်သား အများသူငါ ကို ကျမ်းမာရေး ကောင်းစေချင်တဲ့စေသနာ၊ သဒ္ဓါတရားထက်သန်တဲ့ ယဉ်ကျေးမှုအခြေခံရှိပြီး ဖြစ်ပါတယ်။
ဒီလိုကျန်းမာရေးကို ဦးစားပေးတဲ့ ယဉ်ကျေးမှုအခြေခံရှိထားပြီးတဲ့ ကျနော်တို့တိုင်းပြည်ဟာ ယနေ့ အချိန်မှာ ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအနိမ့်ဆုံး၊အဆိုးရွားအညံ့ဖျင်းဆုံး တိုင်းပြည်တွေထဲမှာ ကျ ရောက်သွားပါတယ်။ တချိန်က အရှေ့တောင်အာရှမှာ ကျမ်းမာရေးစောင့်ရှောက်မှုမှာ ရှေ့တန်းမှာ ရှိခဲ့ ရာကနေ အဆိုးရွားဆုံးအခြေအနေထိ ဆုတ်ယုတ်ကျဆင်းသွားခဲ့ပါတယ်။
ဒီလိုအခြေအနေသို့ ကျဆင်းသွားရတာဟာ နိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီး စတင်အုပ်ချုပ်လိုက်က ထဲက ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီး စစ်အာဏာရှင်စနစ် ထူထောင်ပြီးတဲ့နောက် တိုင်းပြည်ရဲ့ အရင်းအမြစ်မှန်သမျှဟာ စစ်တပ်နဲ့စစ်အာဏာရှင်တို့ အကျိုးစီးပွားအတွက်ပဲ ဖြစ်သွား ပါတယ်။ ပြည်သူလူထုအပေါ်မှာ ကဏ္ဍစုံ လျစ်လျူရှုခံရတဲ့အထဲမှာ ကျန်းမာရေးကဏ္ဍဟာလည်း ပါဝင်ခဲ့ပါတယ်။
ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျာ…..
ယခုအခါ စစ်အာဏာရှင်စနစ်ကိုအပြီးအပိုင်ဖျက်သိမ်းမယ့် တော်လှန်ရေးတရပ်ကို ဆင်နွဲနေတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့တော်လှန်ရေးဟာ ဘက်စုံ၊ကဏ္ဍစုံကိုပါ တော်လှန်ပြောင်းလဲနေရတဲ့ တော် လှန်ရေး ဖြစ်ပါတယ်။
ယနေ့တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ကျနော်တို့ ပြည်သူတရပ်လုံး လိုလား တောင့်တသည့် ကျနော်တို့နိုင်ငံ၏ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် ကျနော်တို့ တိုင်းရင်းသားလူမျိုး များအကြား သွေးစည်းညီညွတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် ပြည်ထောင်စုစနစ်ကိုလည်း တည် ဆောက်ရမည့် တော်လှန်ရေး ဖြစ်ပါတယ်။
ဒီအထဲမှာ ကျန်းမာရေးကဏ္ဍလည်း ကျနော်တို့နိုင်ငံနှင့် ကိုက်ညီသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကို တနည်းအားဖြင့် ဖက်ဒရယ်ကျန်းမာရေးစနစ်ကို ထူထောင်ရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ် ထူ ထောင်ပြီး ဖက်ဒရယ်ကျန်းမာရေးစနစ်၊ ဖက်ဒရယ်ပညာရေးစနစ် စတာတွေ မထူထောင်ရင် အင်္ဂါမပြည့် စုံတဲ့ ဖက်ဒရယ်ဖြစ်သွားပါလိမ့်မယ်။
ဒီကနေ့ ဒီနေ့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) က ပြုလုပ်သည့် အမျိုးသားကျန်းမာရေး နှီးနှော ဖလှယ်ပွဲ (National Health Seminar) ဟာ ဖက်ဒရယ်ကျန်းမာရေး စနစ်တည်ဆောက်ဘို့အတွက် လိုအပ်တဲ့ အုတ်မြစ်တွေကို ပြင်ဆင်ချမှတ်တဲ့ နှီးနှောဖလှယ်ပွဲလို့ နားလည်ရပါတယ်။
ဒီနှီးနှောဖလှယ်ပွဲမှာ ဆေးနွေးမည့် Themes ငါးခုဖြစ်တဲ့ Health policies, (Human resources for health, Universal health coverage – UHC, Current challenges on health system, Occupational safety & health တွေဟာ ယနေ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးလိုအပ်ချက်နှင့် အနာဂတ်တည်ဆောက်မည့် ဖက်ဒရယ်ကျန်းမာရေးစနစ်အတွက် အရေးကြီးခေါင်းစဉ်များဖြစ်သည့်အတွက် ဒီနှီးနှောဖလှယ်ပွဲကနေ ထွက်လာတဲ့ ရလဒ်တွေကို ဖက်ဒရယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုလည်း ပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား
နိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ရေး၊ ကျမ်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု့ စသဖြင့်အဖက်ဖက်က ချွတ်ခြုံကျပြီး နာမကျမ်း ဖြစ်နေတဲ့၊ရောဂါစုံနေတဲ့လူမမာနိုင်ငံကြီးကို ကယ်တင်ကုစားဖို့နိုင်ဘို့အတွက် စစ်အာဏာရှင် စနစ်ကိုအမြန်ဆုံးဖယ်ရှားရှင်းလင်းတိုက်ဖျက်ရန် တိုက်တွန်းနှိုးဆော်ရင်းဖြင့် လာမယ့် ဖက်ဒရယ်နိုင်ငံတော်သစ်၊ ဖက်ဒရယ်လူ့ဘောင်သစ်၊ ဖက်ဒရယ်ကျန်းမာရေးစနစ်သစ်ကို လျောက်လှမ်း ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
“ဖက်ဒရယ်ကျန်းမာရေးစနစ်ပေါ်ထွန်းစေရမည်”
“အရေးတော်ပုံအောင်ရမည်”
နိုင်သုဝဏ္ဏ
ဥက္ကဌ၊ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ
ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန
