အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးစီး၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အဖွဲ့က ကျင်းပသည့် ၁၃၄ ကြိမ်မြောက်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်၍ သုံးပွင့်ဆိုင်အဖွဲ့သည် မေလ (၁) ရက်နေ့တွင် ကျရောက်သည့် ၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ၁-၅-၂၀၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီအချိန်တွင် Virtual (Zoom) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတကြီးက ပေးပို့သော ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သဝဏ်လွှာကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်က ဖတ်ကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC-MLA မှ ဦးမောင်မောင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတို့က မေဒေး အမှတ်တရ အမှာစကားများ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများ ရရှိရေးအတွက်သာမက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ နွေဦး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်နေကြသော ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားများ၏ လှုပ်ရှားမှု ပုံရိပ် မှတ်တမ်းကို ပြသခဲ့ပြီး အထူးဧည့်သည်တော်များဖြစ်သည့် ASEAN Council of Trade Unions ဥက္ကဋ္ဌ ၊ အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး သမဂ္ဂအဖွဲ့ဖြစ်သည့် KSPSI ၏ ဥက္ကဋ္ဌ Brother Andi Gani နှင့် International Trade Union Confederation- Asia Pacific (ITUC-AP) မှ အထွေထွေအတွင်းရေးမှူး Mr. Shoya Yoshida တို့က ပေးပို့လာသော မေဒေးအမှတ်တရ နှုတ်ခွန်းဆက် အမှာစကား ရုပ်သံကို ပြသခဲ့ပါသည်။ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ဖြစ်သည့် မြန်မာ့နွေဦး လုပ်ငန်းရှင် များ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှူဆောင် ဦးအယ်ကာကျော်က အလုပ်ရှင်များ ကိုယ်စားအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက် (AMTUN)၊ WE Generation Network နှင့် အခြေခံ ပညာရေးလုပ်သားများသမဂ္ဂ (BEWU)မှ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးဌေးက အလုပ်သမား ထုနှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) ကိုယ်စားအဖြစ်လည်းကောင်း အမှာစကားများ ပြောကြား ခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း CDM တစ်ဦးက မေဒေးအမှတ်တရစကားပြောကြားခြင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံရှိ ကိုယ်စားလှယ်များက ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုယ်စား မေဒေးအမှတ်တရ စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို မြန်မာစံတော်ချိန် ၁၁:၅၀ နာရီတွင် ရုတ်သိမ်းခဲ့ ပါသည်။

Scroll to Top