၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

အလုပ်သမားဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာ

၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ များပြားလာခြင်းနှင့် ကမ္ဘာ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အရေးပါသော အထောက်အပံ့ကို ဖြစ်စေပြီး သက်ဆိုင်ရာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို အားဖြစ်စေခြင်းတို့အတွက် ထည့်သွင်းစဉ်းစားကာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အဖြစ် ကြေညာခဲ့ပါသည်။

ရွှေ့ပြောင်းအခြေချမှုသည် ‌ရှောင်လွှဲမရသော အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ် လာသော  ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူ အရေ အတွက်သည် လွန်ခဲ့သည့် နှစ် ၅၀ အတွင်း လျင်မြန်စွာတိုးတက်လာခဲ့သည်။ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for MigrationIOM) ၏ ခန့်မှန်းချက်အရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၃.၆ ရာခိုင်နှုန်းမှာ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများ ဖြစ်ပြီး စုစုပေါင်း ၂၈၁ သန်းခန့် ရှိပြီ ဖြစ်သည်။ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနည်းတူ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ အရေအတွက်သည်လည်း တိုးပွားလျက်ရှိပြီး သဘာဝဘေးဒဏ် အပါအဝင်၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ၅၉.၁ သန်း အထိရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဖိနှိပ်အကြမ်းဖက်မှုများကြောင့် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအတွင်း ရွှေ့ပြောင်း နေထိုင်သူ တစ်သန်းကျော်ထိ ရောက်ရှိလာပြီး အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင် နေရသူ ၇၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်မှုအရ သိရှိရပါသည်။

အာဏာသိမ်းမှုအကျိုးဆက်အဖြစ် စီးပွားရေး ပိုမိုကြပ်တည်းလာကာ ပြည်ပနိုင်ငံများ သို့ သွားရောက်လုပ်ကိုင်မှု ပိုမိုများပြားလာပါသည်။ တရားဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု ကို စစ်ကောင်စီက ကောင်းမွန်စွာ စီမံခန့်ခွဲမှု မလုပ်နိုင်ခြင်းနှင့် စည်းကြပ်သည့် ဌာနများ၏ အကျင့်ပျက်ခြစားမှုများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် သွား ရောက်လုပ်ကိုင်မှု ဖြစ်စဉ်များ မြင့်မားလာပြီး လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ မရရှိ ခြင်းနှင့် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းတို့အပြင် တရားဝင် လုပ်ကိုင်နေသူများမှာလည်း အခွင့် အရေးများ ချိုးဖောက်ခံနေကြရပါသည်။

စစ်ကောင်စီလက်အောက်တွင် ပြည်ပ‌ရွှေ့ပြောင်းလုပ်ကိုင်သူများအတွက် အကာအကွယ် မရှိသလို ပြည်တွင်းရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများမှာလည်း ဖိနှိပ်မှု မျိုးစုံ ကြုံတွေ့ နေရပြီး အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရကာ ကူကယ်ရာမဲ့ နေသည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိပါသည်။

ရွှေ့ပြောင်းသွားလာနေထိုင်လုပ်ကိုင်သူများသာမက မြန်မာပြည်သူများအားလုံး အတွက် လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိမှု၊ လုံခြုံစိတ်ချ ရသော ပတ်ဝန်းကျင်နှင့် အပြန်အလှန် ကူညီစောင့်ရှောက်မှုများကို အာမခံချက်ပေးသည့်  ကောင်းမွန် သော အသိုက်အဝန်းတစ်ခု ဖော်ဆောင်ရာတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန် ချေမှုန်းပြီး စစ်မှန်သော ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် အလွန်အရေးကြီးပါသည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ ရွှေ့ပြောင်းသွားလာနေထိုင်လုပ်ကိုင်သူများ အရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှုတွင် အလွန်အရေးပါသော အချက် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အိမ်နီးချင်းနိုင်ငံအစိုးရများ၊ International Organization for Migration-IOM, International Labour Organization- ILO နှင့် UNHCR အဖွဲ့ကြီးများအနေဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ နှင့် စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားကာ လိုအပ်သော အရေးယူ ဆောင်ရွက်မှုများကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံမှ ပြည်တွင်း၊ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများ အားလုံး ကြုံတွေ့နေရသည့် အကြပ်အတည်းနှင့် စိန်ခေါ်မှု အားလုံးအတွက် အဖြေဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီအား ဖြုတ်ချ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတွင် အားထည့်ကူညီပေးကြရန် လေးနက်စွာ တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် မည်သို့သော စိန်ခေါ်မှုများရှိစေကာမူ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ၏ တော်လှန်ရေးတွင် အဘက်ဘက်မှ နည်းလမ်းပေါင်းစုံဖြင့် တတ်အား သ၍ ပူးပေါင်းပါဝင်နေမှုကို များစွာနှစ်ထောင်းအားရ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းသွားလာနေထိုင်လုပ်ကိုင်ကြသူများအားလုံး မိမိတို့ ရောက်ရှိရာ အရပ်ဒေသများတွင် ဘေးဘရာကင်းဝေးပြီး ကိုယ်စိတ်နှလုံး ကျန်းမာပျော်ရွှင်စွာ နေထိုင် လုပ်ကိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။

 

Naing Tun Pe (aka) Naing Suwunna

ပြည်ထောင်စုဝန်ကြီး

အလုပ်သမားဝန်ကြီး

အမျိုးသားညီညွတ်ရေးအစိုးရ

 

 

Back To Top