ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်ပတ်လည်နေ့အတွက် ပြည်ထောင်စုဝန်ကြီး မှ ပြောကြားသည့် တိုက်တွန်းစကား

၆၁ နှစ်ပြည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ တော်လှန်ပြည်သူများသို့ ပြောကြားသည့် တိုက်တွန်းစကား

မိဘပြည်သူများ အားလုံး မင်္ဂလာပါခင်ဗျာ…..

ဒီနေ့ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ မှတ်တိုင်တခုဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်အာဏာရှင်တို့က ဖြိုချဖျက်ဆီးခဲ့တဲ့ ကျောင်းသားပြည်သူပေါင်း မြောက်မြားစွာကို သွေးမြေခ စေခဲ့တဲ့ သမိုင်းဝင် ဆဲဗင်းဂျူလိုင်နေ့ ဖြစ်ပါတယ်။

ဆဲဗင်းဂျူလိုင်နေ့ဟာ ယနေ့ထိ မိဘပြည်သူတွေရဲ့ ဟဒယနှလုံးထဲမှာ စွဲမြဲနေတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။ ဆဲဗင်းဂျူလိုင်နေ့မှ စပြီး သန္ဓေတည်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင် အန်တုမှုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအဝင် ယနေ့နွေဦးတော်လှန်ရေးကာလအထိ မျိုးဆက်အလိုက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြရတာ ဖြစ်ပါတယ်။

မိမိအပါအဝင် အဲ့ဒီသမိုင်းဝင်နေ့ကို ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ တချို့ခေါင်းဆောင်ကြီးများဟာ လက်ရှိနွေဦး တော်လှန်ရေးထဲမှာလည်း ထဲထဲဝင်ဝင် ပါဝင်နေကြတာတွေလည်း ရှိပါတယ်။ ၁၉၆၂ စစ်အာဏာရှင်စနစ်ကို ပထမဆုံး အန်တုခဲ့တဲ့ ဆဲဗင်းဂျူလိုင်ရဲ့ ယနေ့ကျရောက်တဲ့ (၆၁)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ပြည်သူတရပ်လုံးကို လက်နက်အားကိုးနဲ့ ဖိနှိပ်အနိုင်ကျင့်ခဲ့တဲ့ ဖောက်ပြန်နေတဲ့ စစ်တပ်ကို အပြီးအပိုင် မြန်မာ့မြေပေါ်ကနေ ညာလက်ကျိုးလည်း ဘယ်လက်ဝဲဖြင့် တသံတည်းမြည် တချီတည်းရုန်းပြီး အတူတကွ မောင်းထုတ်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။

“သမဂ္ဂ စိတ်ဓါတ် မြှင့်တင်ကြ အရေးတော်ပုံ အောင်ရမည်”

နိုင်သုဝဏ္ဏ
ပြည်ထောင်စုဝန်ကြီး
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Scroll to Top