ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားဝန်ကြီးဌာန
ကြေညာချက်အမှတ် (၃/၂၀၂၄)
၁၃၈၆ ခုနှစ်၊ တော်သလင်းလဆုတ် ၃ ရက်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်
ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ နိုင်ငံသားများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ အခွင့်အရေးချိုးဖောက်မှု၊ ဖိနှိပ်နေမှုများနှင့် စပ်လျဉ်းသည့် အသိပေးကြေညာချက်
- အဖက်ဖက်မှ ရှုံးနိမ့်နေပြီဖြစ်သော အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ သက်ဆိုးရှည်စေ ရေးနှင့် ပြည်သူအပေါ် အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုများအတွက် အရေးတကြီး လိုအပ်နေသော နိုင်ငံခြားငွေကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သမ္မာအာဇီဝချွေးနည်းစာမှ အဓမ္မခေါင်းပုံဖြတ်၍ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာဝင်ငွေ၏ အနည်းဆုံး ၂၅ % ကို လစဉ် သို့မဟုတ် သုံးလလျှင် တစ်ကြိမ် ၎င်းတို့ သတ်မှတ်ထားသော ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် ၂၈-၈-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၀၈/၂၀၂၄) ထုတ်ပြန်၍ လည်းကောင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားစာများပေးပို့၍လည်းကောင်း ဖိအားပေးလျက် ရှိပါသည်။
- အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအမိန့်ကြော်ငြာစာတွင် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ငွေလွှဲပို့ခဲ့သည့် အထောက်အထား စာရွက်စာတမ်းများကို သေချာစွာ သိမ်းဆည်းထားပြီး မိမိအား တာဝန်ယူစေလွှတ်ပေးခဲ့သည့် အေဂျင်စီများထံ မိတ္တူပေးပို့ရန်နှင့် အေဂျင်စီများက စစ်ကောင်စီ လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနအမည်ခံ အကြမ်းဖက်ထောက်တိုင် အဖွဲ့ အစည်းထံ လစဉ်စာရင်းကို မပျက်မကွက် ပေးပို့ရန်၊ လိုက်နာရန် ပျက်ကွက်သည့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ကာလအကန့်အသတ် ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသတ်သေခံကတ် (OWIC) ထုတ်ပေးမှု မပြု ခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မပြုခြင်း စသည်တို့အပြင် ပြင်းထန်သည့် အရေးယူမှု များပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက် အကြပ်ကိုင်ထားသည်ကို တွေ့ရှိရသည်။
- အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် တည်ဆဲဥပဒေဖြစ်သည့် ၁၉၉၉ ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေပါ အေဂျင်စီများနှင့် အလုပ်သမားများ၏ တာဝန်များ၌ ပြဋ္ဌာန်းထားမှု မရှိသဖြင့် ဥပဒေနှင့် ညီညွတ်မှု မရှိဘဲ ဥပဒေကို ကျော်လွန်ကာ မတရားဖိနှိပ်သည့် လုပ်ရပ်များ ဖြစ်သည်။ ထို့ပြင် ထုတ်ပြန်ထားသည့် အေဂျင်စီများ လိုက်နာရမည့် ကျင့်ဝတ်(Code of Conduct) တွင် အလုပ်သမား၏ ပြည်ပလစာငွေလွှဲပို့ခြင်း (မိသားစုလွှဲပို့ငွေ)နှင့်စပ်လျဉ်း၍ အေဂျင်စီများက ကြီးကြပ်ရန် တာဝန်ရှိကြောင်း ဖော်ပြပါရှိမှု မရှိခြင်း၊ အေဂျင်စီနှင့် အလုပ်သမားတို့ ချုပ်ဆိုရသည့် စာချုပ်တွင် အလုပ်သမား၏ ဆန္ဒမပါဘဲ မိသားစုလွှဲပို့ငွေ မဖြစ်မနေ လွှဲပို့ရမည်ဟု ဖိအားပေး ထည့်သွင်းချုပ်ဆိုစေခြင်းတို့သည် မတရားသည့် အမိန့်၊ ညွှန်ကြားချက်များသာ ဖြစ်သည်။ ပြည်ပမှ ရရှိသည့် လစာဝင်ငွေ လွှဲပို့သည့် အထောက်အထားများ မပြသနိုင်ပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မပြုခြင်းအပြင် ပြင်းထန်သည့် အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း အမိန့် ကြော်ငြာစာတွင် ဖော်ပြ၍ အရေးယူမှုများ ပြုလုပ်နေခြင်းသည် တည်ဆဲဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ် များနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံသားတိုင်းနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်ရှိသည့် အခြေခံနိုင်ငံသား အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက်ခြင်း ဖြစ်သည်။
- မိသားစုလွှဲပို့ငွေ အထောက်အထား မပြသနိုင်သည့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားများအပြင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နေသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် စစ်အုပ်စု၏ အကြမ်းဖက်ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများ ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာနိုင်ငံသားများကိုလည်း စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးများက နိုင်ငံကူးလက်မှတ်သက်တိုးခွင့် မရရှိစေရန် ဖိနှိပ် ထားခြင်းဖြင့် အခြေခံအခွင့်အရေးများ ချိုးဖောက်ကျူးလွန်လျက် ရှိပါသည်။ ထို့ပြင် အထောက် အထား ပြည်စုံစွာ တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီ ၁၃၅ ခု ကိုလည်း စေလွှတ်ရေး လုပ်ငန်းစဉ်များ ပိတ်ပင်အရေးယူထားကြောင်း သိရှိရသည်။
- သို့ဖြစ်၍ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ပြည်တွင်း၌သာမက ပြည်ပရောက် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး များကို နည်းမျိုးစုံဖြင့် ချိုးဖောက်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များ တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဥပဒေမဲ့ မတရားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း လုံးဝ (လုံးဝ) မပြုကြရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် ဖိအားပေးအကြပ်ကိုင်၍သော်လည်းကောင်း၊ သွေးဆောင်ဖြားယောင်း စည်းရုံး၍သော်လည်းကောင်း မိသားစုလွှဲပို့ငွေ လွှဲပို့စေခိုင်းသည့် အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအကျိုးဆောင်များအား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
- အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း စစ်ကောင်စီ၏ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် နိုင်ငံသားများ အပေါ် အခြေခံလူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်နေမှု၊ ဖိနှိပ်နေမှုများအပေါ် တားမြစ်ပေးပါရန်နှင့် ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံး ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန် တောင်းဆို အပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ