အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၁၃ /၂၀၂၂၊ နိုဝင်ဘာလ၊ (၂၁) ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

အလုပ်သမားဝန်ကြီးဌာန

ကြေညာချက်အမှတ် (၁၃/၂၀၂၂)

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၄ ရက်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့)

အလုပ်သမားသမဂ္ဂများလွတ်လပ်စွာဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း

အသိပေးကြေညာခြင်း

 

၁။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက တရားဝင်အစိုးရထံမှ အာဏာကို မတရားလုယူရန် ကြိုးပမ်းချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူတို့၏ အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး အလုပ်သမားခေါင်းဆောင်များနှင့် သမဂ္ဂအဖွဲ့ဝင်များကို မတရားဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့် မရအောင်နည်းမျိုးစုံနှင့် တားဆီးခြင်း၊ ဖွဲ့စည်းထားသည့်အလုပ်သမားသမဂ္ဂများကိုတရားမဝင်ကြောင်း ကြေညာခြင်းစသည့် ဖိနှိပ်မှုမျိုးစုံကိုအစွမ်းကုန်ဆောင်ရွက်လျက်ရှိရာ အ‌ခြေခံအလုပ်သမား အခွင့်အရေးတစ်ရပ်ဖြစ်သည့်  အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်း၍ လှုပ်ရှားဆောင်ရွက်ခွင့် ဆုံးရှုံးနေသည့် အခြေအနေ ဖြစ်ပါသည်။ 

၂။ ဤအခြေအနေတွင် အချို့သောအလုပ်သမားရေးရာအရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့ချုပ်များ၊ အလုပ်သမားခေါင်းဆောင်များသည် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှုမရှိဘဲ စစ်ကောင်စီ၏ဖမ်းဆီးနှိပ်စက်မှုခံရနိုင်သည့် အန္တရာယ်ကြားမှပင် အလုပ်သမားများဘက်မှ ရပ်တည် ဆောင်ရွက်ပေးနေကြသော်လည်း အချို့သော အလုပ်သမားရေးရာ အရပ်ဖက် အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့ချုပ်များသည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် အလုပ်သမားအခွင့်အရေးများ (အထူးသဖြင့် လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခြင်း နှင့်စည်းရုံးခွင့်) ကို ရရှိနေသယောင် ပြုမူဆောင်ရွက်လျက် ရှိနေသည်ကို ဝမ်းနည်းစွာ မြင်တွေ့နေရ ပါသည်။ 

၃။ ထို့သို့သော ပြုမူဆောင်ရွက်ချက်များသည် နိုင်ငံ့ဝန်ထမ်း CDM များအပါအဝင် အလုပ်သမားထု နှင့်ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်တော်လှန်နေသော နွေဦးတော်လှန်ရေး၏ အနှစ်သာရနှင့် ကင်းကွာနေပြီး အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်မှုအား အသိအမှတ်ပြု ထောက်ခံနေသကဲ့သို့ ဖြစ်နေပါသည်။ 

၄။ သို့ဖြစ်ပါ၍ အလုပ်သမားထုကြီး၏ အခြေခံအခွင့်အရေး တစ်ရပ် ဆုံးရှုံးမှုမရှိစေရန်အတွက် ၁၉၅၅ ခုနှစ်ကတည်းက  မြန်မာနိုင်ငံက လိုက်နာကျင့်သုံးလျက်ရှိသည့် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့်ကို အကာအကွယ်ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (Freedom of Association and Protection of the Right to Organise Convention, 1948(No. 87)) နှင့်အညီ မည်သို့သော မှတ်ပုံတင်မှုမျိုးကိုမျှ ဆောင်ရွက်ရန်မလိုဘဲ အလုပ်သမားသမဂ္ဂများကို လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုကြောင်းနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသော အလုပ်သမားရေးရာ အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအဖွဲ့ချုပ်များအနေဖြင့် အလုပ်သမားထုအပါ အဝင် ပြည်သူတစ်ရပ်လုံးကိုရက်စက်စွာပြုမူဆောင်ရွက်နေကာ တိုင်းပြည်အာဏာကို မတရားရယူရန် ကြိုပမ်းနေသော အကြမ်းဖက်စစ်ကောင်စီနှင့်မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးကိုမျှ လုံးဝ(လုံးဝ) မပြုလုပ်ရန်လေးနက်စွာ သတိပေးလိုက်သည်။ 

 

Naing Tun Pe (aka) Naing Suwunna

ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊   ၉/၂(ပြည်တွင်း)၂၀၂၂(၁၃၄)

ရက်စွဲ     ၊   ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ ၂၁ ရက်