ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ကျင်းပသော ၂၈ ကြိမ်မြောက် IUF ညီလာခံတွင်ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းပြောကြားခဲ့

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပပြုလုပ်တဲ့ The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF) ၏ ၅ နှစ် တစ်ကြိမ်ကျင်းပသော ၂၈ ကြိမ်မြောက် ညီလာခံတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးပြောကြားသည့်မိန့်ခွန်းအပြည့်အစုံမှာ

(၂၀၂၃ခုနှစ်၊ ဇွန်လ ၁၃-၁၆)

မင်္ဂလာပါခင်ဗျာ…

၁။  IUF ရဲ့ ၂၈ ကြိမ်မြောက် ညီလာခံကို တက်ရောက်လာတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက IUF အဖွဲ့ဝင်များ အားလုံးကို ကိုယ်ကျန်းမာ စိတ်ချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သပါတယ်။

၂။   ကျွန်တော်ကတော့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူက ထောက်ခံ တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။

၃။  IUF ရဲ့  ၅ နှစ် တကြိမ် ကျင်းပတဲ့ ညီလာခံမှာ စကားပြောခွင့် ရတဲ့အတွက်  ဖိတ်ကြား ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး Ms. Sue Longley နဲ့ အာရှ-ပစိဖိတ် အတွင်းရေမှူး Dr. Hidayat Greenfield တို့ အပါအဝင် IUF သမဂ္ဂဝင်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

၄။  အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်ဟာ ဒီမိုကရေစီ နည်းလမ်းဖြင့် ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး မတရား အာဏာသိမ်းဖို့ ကြိုးပမ်းချိန်က စလို့ အလုပ်သမားထု အပါအဝင် မြန်မာ ပြည်သူတရပ်လုံး စစ်အာဏာရှင် အဆုံးသတ်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ တော်လှန်နေပါတယ်။

၅။  ဒီတော်လှန်ရေးအောင်မြင်ဖို့ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်မှု မှသည် ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဖော်ဆောင်ခဲ့ပြီး ယခုနှစ်တွင် တိုက်စစ်ကို ပြောင်း၍ စစ်အာဏာရှင်ကို တော်လှန်လျက် ရှိပါတယ်။ လက်ရှိတွင် NUG က လွတ်မြောက်နယ်မြေ တွေ ဖေါ်ဆောင်ထားနိုင်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

၆။  အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ထိရောက်သော အကူအညီများပေးဖို့၊ စကစအပေါ် အသိအမှတ်မပြုဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုများကို ထိရောက်စွာ ဆောင်ရွက်ဖို့၊ စကစက စီစဉ်မယ့် အတုအ‌ယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ အရေးကြီးလို့ IUF ‌‌ဒေသဆိုင်ရာ ခေါင်းဆောင်များ အနေနဲ့ ဒီလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ မိမိတို့ အစိုးရတွေကို ဆက်လက်တွန်းအားပေး စေလိုပါတယ်။

၇။  အထူးသဖြင့် အရပ်သားပြည်သူတွေအပေါ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်စီးမှုတွေ ဆက်မလုပ်နိုင်ဖို့ စကစရဲ့ လေယာဉ်ဆီအပါအဝင်  စက်သုံးဆီ ရရှိနိုင်မယ့် နည်းလမ်းတွေကို ပိတ်ဆို့မှုမှာ အထူးအလေးထား ဆောင်ရွက်ပေးစေလို ပါတယ်။

၈။  အလုပ်သမားဝန်ကြီးဌာနအနေနဲ့  စိုးမိုးနယ်မြေတွေမှာရှိတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့အတူ မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေ ကာကွယ်နိုင်ဖို့ အတွက် NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ILO မှာ NUG ကို အသိအမှတ်ပြုရေးကလည်း အရေးပါတဲ့အတွက် IUF အနေနဲ့ တတ်နိုင်သမျှ NUG နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။

၉။  IUF Asia-Pacific  က မိမိတို့ ဝန်ကြီးဌာနကို ရုံးသုံးပစ္စည်းနဲ့ ဘဏ္ဍာငွေ ထောက်ပံ့ ကူညီမှု၊ MOL IR Officer ကို ၁၁၁ ကြိမ်မြောက် ILC မှာ ပါဝင် တက်ရောက်နိုင်ဘို့ လက်တွေ့ကျတဲ့ အကူအညီတွေ ပေးခဲ့ခြင်း အပေါ်မှာလည်း ကျေးဇူးတင်ပါတယ်။ 

၁၀။ AAPP မှတ်တမ်းများအရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ်၊ ဇွန်လ ၉ ရက်နေ့အထိ စကစ၏ မတရားသတ်ဖြတ်ခံရသူ ၃၆၄၉ ဦး၊ ဖမ်းဆီးခံရသူ ၂၃,၂၉၉ ဦးရှိပြီး ၎င်းတို့အနက် ထောင်ချခံရသူ ၆၃၃၀ ဦးနဲ့ သေဒဏ် ချမှတ်ခံရသူ ၁၅၈ ဦးရှိနေပါတယ်။

၁၁။ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၂၃ မေလအထိ စကစက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၈၁ ခု ပြုလုပ်ခဲ့ပြီး ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ ၁၀၅၉ ဦး ရက်စက်စွာ အသတ်ခံထားရပါတယ်။  ၄င်းအပြင် နိုင်ငံအနှံ့မှာ အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်လျက်ရှိပြီး အိုးအိမ်အပါအဝင် ပြည်သူ့ပိုင်ဆိုင်မှုပေါင်း ၆ သောင်းကျော် မီးရှို့ဖျက်ဆီး ခံထားရပါတယ်။ ဤကာလအတွင်း နေရပ်စွန့်ခွါ ထွက်ပြေးနေသူ ၁.၄ သန်းခန့် တိုးလာပြီး ၂၀၂၃ ခုနှစ်မှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ  လိုအပ်နေသူ ၁.၇ သန်းကျော် အထိ ရှိလာနေပါတယ်။

၁၂။ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက် စစ်တပ်ကို ဖြုတ်ချပြီး အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံမှာ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည် ဖော်ဆောင်ရေးပဲ ဖြစ်ပါတယ်။

၁၃။ စစ်အာဏာရှင် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများအတွက်  မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက် ရှိကြောင်း ဒီ(၂၈)ကြိမ်မြောက် ညီလာခံမှာ ချမှတ်တဲ့ IUF ရဲ့  ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့အတူ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းများကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Ministry of Labour https://mol.nugmyanmar.org/news/the-union-minister-made-a-speech-at-the-28th-iuf-conference-held-in-geneva-switzerland/