IUF ၏ ညီလာခံတွင်ပြည်ထောင်စုဝန်ကြီးမှ ILO တွင် NUG ကိုအသိအမှတ်ပြုရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို

Ministry of Labour https://mol.nugmyanmar.org/news/at-the-conference-of-the-iuf-the-union-minister-requested-cooperation-for-the-recognition-of-the-nug-in-the-ilo/

IUF ၏ (၅) နှစ် တကြိမ် ကျင်းပသည့် ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့ပြီး ILO တွင် NUG ကို အသိအမှတ်ပြုရေး တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၅ နှစ် တကြိမ် ကျင်းပပြုလုပ်သော The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF) ၏ ၂၈ ကြိမ်မြောက် ညီလာခံတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ကမြန်မာပြည်သူများ၏ အခြေခံလူ့အခွင့်အရေး ကာကွယ်နိုင်ရန် အတွက် NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အထူးသဖြင့် ILO တွင် NUG ကို အသိအမှတ်ပြုရေးကို IUF အနေဖြင့် တတ်နိုင်သမျှ NUG နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း စသည့် အချက်များကို ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ထိရောက်သော အကူအညီများပေးရန်၊ စကစကို အသိအမှတ်မပြုရန်နှင့် စီးပွားရေးပိတ်ဆို့မှု များကို ထိရောက်စွာ ဆောင်ရွက်ရန်၊ စကစက စီစဉ်နေသည့် အတုအ‌ယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် စသည့် အချက်များကို IUF ‌‌ဒေသဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ အစိုးရများကို ဆက်လက်တွန်းအားပေးရန်နှင့် အရပ်သားပြည်သူများအပေါ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်စီးမှုများ ဆက်မလုပ်နိုင်ရန်အတွက် စကစ၏ လေယာဉ်ဆီအပါအဝင် စက်သုံးဆီ ရရှိနိုင်မည့် နည်းလမ်း များကို ပိတ်ဆို့မှုတွင် အထူးအလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုကျင်းပသည့် (၂၈)ကြိမ်မြောက် ညီလာခံတွင် ချမှတ်သည့် IUF ၏ ခိုင်မာသည့် သန္နိဋ္ဌာန်နှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ကြိုဆိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထည်သွင်းပြောဆိုခဲ့သည်။

IUF ၏ ၅ နှစ် တကြိမ် ကျင်းပသည့် ညီလာခံသို့ အထွေထွေအတွင်းရေးမှူး Ms. Sue Longley နှင့် အာရှ-ပစိဖိတ် အတွင်းရေမှူး Dr. Hidayat Greenfield တို့ အပါအဝင် IUF သမဂ္ဂအဖွဲ့ဝင်များမှ ဖိတ်ကြားခဲ့မှုအရ အမျိုသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အနေဖြင့် ယခုလို online ဖြင့် ပါဝင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။