ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအတွက် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေ

 

ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအတွက် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေ
၁။ ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင် ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ မြန်မာအလုပ်သမား (၁၁၀) ဦးခန့် အလုပ်ထုတ်ခံရပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ ဝင်ရောက်ဖြေရှင်းပေးရန် ဆန္ဒဖော်ထုတ်သဖြင့် ၂၁.၉.၂၀၂၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း(AAC အဖွဲ့) နှင့် ဦးသက်ပိုင်မင်း တို့က စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနှင့် ချိတ်ဆက်၍ အောက်ပါအတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်-
(က) အလုပ်ထုတ်ရာတွင် ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခြင်းကြောင့် အလုပ်သမား ၃၈ ဦးအတွက် လုပ်ခလစာနှင့် လုပ်သက်အလိုက် နစ်နာကြေးများ ရရှိရန် အလုပ်ရှင်အား အမှုဖွင့်ခဲ့ခြင်း၊
(ခ) အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူမှုအရ ကျန်အလုပ်သမားများအတွက် အလုပ်ရှင်မှ ‌ပေးရန်ကျန်ရှိသောလုပ်အားခများနှင့် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့် စာရွက်စာတမ်းများ အမြန်ဆုံးရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း၊

၂။ ထို့ပြင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈) ဦးအတွက် တရားဝင်အလုပ်ပြောင်းရွေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်) နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူအညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) ၊ အလုပ်အကိုင်ဌာန (ကျဟာငန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

၄။အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တယား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug

Scroll to Top