စိန်ရတု မွန်တော်လှန်ရေးနေ့

အမျိုးသားညီညွတ်ရေးအစိုးရ

အလုပ်သမားဝန်ကြီးဌာန

သြဂုတ်လ ၊ ၁၁ ရက် ၊ ၂၀၂၂ ခုနှစ်

ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါခေါင်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၁) ရက်) သည် မွန်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ခြင်း (၇၅) နှစ် ပြည့်မြောက်သော နေ့ဖြစ်ပါသည်။မွန်လူမျိုးတို့သည် သက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် ဖဆပလ အစိုးရကို မလွဲမရှောင်သာဘဲ စတင်တော်လှန်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ နေ့ကို “မွန်တော်လှန်ရေးနေ့” အဖြစ် သတ်မှတ်လာခဲ့ကာ ယခုဆိုလျှင် မွန်တော်လှန်ရေးခရီးသည်လည်း  ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

၁၉၄၈ ခုနှစ် ၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာပြီး “ပြည်ထောင်စုမြန်မာနိုင်ငံတော်” အဖြစ် အမည်နာမ ပေးရာတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်း စသည်တို့ဖြင့် ဖွဲ့စည်းတည်ထောင်‌ခဲ့သော်လည်း မွန်လူမျိုးတို့မှာ လူမျိုးရေးအရ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။ အထက်ပါ အခြေအနေများကြောင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် ငြိမ်းချမ်းသော ဒီမိုကရေစီလှုပ်ရှားမှုအသွင်တရပ် အဖြစ် ၁၉၄၈ နှစ်ဦးပိုင်းတွင် မွန်ပြည်နယ်ဖော်ထုတ်ပေးရေး ဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့ကြပြီး အဆိုပါဆန္ဒပြပွဲကြီးတွင် မွန်သံဃာတော်များအပါအဝင် အလွှာအသီးသီးမှ မွန်လူမျိုး ထောင်ပေါင်းများစွာတို့က “မွန်ပြည်နယ်ချက်ချင်းပေး” ဟူသော ကြွေးကြော်သံနဲ့အတူ မော်လမြိုင်မြို့တွင် ဆန္ဒပြခဲ့ကြသည်။

မွန်လူမျိုးရေးရာအဖွဲ့ချုပ်က ဦးဆောင်လှုပ်ရှားသည့် မွန်ပြည်နယ် ဖော်ထုတ်ရေးကိစ္စရပ်များ တဖြည်းဖြည်း တိုးတက်အောင်မြင်လာသည်နှင့်အမျှ ဖဆပလအစိုးရခေါင်းဆောင်များမှ မွန်အမျိုးသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် “မွန်နှင့်မြန်မာ အတူတူပဲ၊ မွန်တို့တောင်းဆိုချက်နဲ့ပတ်သက်လို့ သီးခြားစဉ်းစားစရာမလိုအပ်” ဟု အကြောင်းပြန်လာပါသည်။ ထို့ကြောင့် မွန်လူမျိုးတို့သည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် သီးခြားမွန်ပြည်နယ်တရပ် ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနည်းဖြင့် မရရှိနိုင်ကြောင်း နားလည်သဘောပေါက်လာပြီး သက္ကရာဇ် ၁၃၁၀ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့တွင် နိုင်ပန်းသာ၊ နိုင်မောင်သိန်း (ခ) ဗိုလ်သိန်း နှင့် မွန်မျိုးချစ်လူငယ် (၂၇) ဦး တို့မှ ဦးဆောင်ကာ ဘားအံမြိုနယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်လိုက်ပြီး လက်နက်စွဲကိုင်၍ စတင်တော်လှန်ခဲ့ကြသည်။

ထိုသို့ တော်လှန်ခဲ့သည့် ၁၃၁၀ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့မှ စတင်ခဲ့သည့် မွန်တော်လှန်ရေးနေ့သည် ယနေ့ သက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့တွင် (၇၅) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မွန်အမျိုးသားတို့ လက်နက်စွဲကိုင်တော်လှန်ရသည့် အနေအထားကို ကြည့်မည်ဆိုလျှင် တော်လှန်ရေးတို့မည်သည် သူ့အလိုအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ဖိနှိပ်မှုများကြောင့် တော်လှန်ရေးပေါ်ပေါက်လာရခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကို ရရှိခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီအရေး တန်းတူညီမျှမှု မရှိခြင်းတို့ကြောင့် ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီအရေးတော်ပုံနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတို့အပြင် ယနေ့ပြည်သူလူထုတရပ်လုံးပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးကြီးများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

 

သို့ဖြစ်၍ ယနေ့ကျရောက်သည့် ၇၅ နှစ်ပြည့် စိန်ရတု “မွန်တော်လှန်ရေးနေ့” တွင် ခေတ်အဆက်ဆက်မှ ယနေ့အချိန်အထိ  အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး တို့အတွက် တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်အမျိုးသားအပေါင်းကို ဂုဏ်ပြုဦးညွှတ်ပါကြောင်းနှင့် မွန်လူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ လေးနက်စွာဖြင့် ဆန္ဒပြုအပ်ပါသည်။

Scroll to Top