ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day)

Ministry of Labour https://mol.nugmyanmar.org/news/kachinmartyrs2022/

“ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day) အားမိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများနှင့်ထပ်တူထပ်မျှအောက်မေ့သတိရအပ်ပါသည်”
သြဂုတ် ၊ ၁၀ ရက် ၊ ၂၀၂၂ ခုနှစ်
ဒီကနေ့ဩဂုတ်လ (၁၀) ရက်နေ့မှာကျရောက်တဲ့(၄၇)နှစ်မြောက်ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day) အားမိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများနှင့်ထပ်တူထပ်မျှအောက်မေ့သတိရအပ်ပါကြောင်းပြောကြားလိုပါသည်။
ဒီကနေ့ဟာသွေးချင်းညီအစ်ကိုမောင်နှမ ကချင်တိုင်းရင်းသားလူမျိုးတို့ရဲ့“Share Shagan Masat Ninghtoi” လို့ခေါ်တဲ့ ကချင်အာဇာနည်နေ့ဖြစ်လေးပဲဖြစ် ပြီးတော့ သြဂုတ်လ (၁၀) ရက်ကိုကချင်အာဇာနည်နေ့အဖြစ် ကျင်းပလာတာ ဒီနှစ်ဟာ (၄၇) ကြိမ်မြောက်တောင်ရှိခဲ့ပြီဖြစ်ပါတယ်။
ကချင်အာဇာနည်နေ့ဟာ မိမိတို့နယ်မြေနဲ့လူမျိုးလွတ်လပ်ရေးအတွက် မိမိတို့ရဲ့အသက်၊ဉာဏ်စွမ်းကို ဂုဏ်ယူစွာပေးလှူပြီးအသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ KIO, KIA တပ်သားများနဲ့ ရန်သူစစ်အာဏာရှင်လက်​အောက်မှာ ကျဆုံးသွားခဲ့ရတဲ့ အရပ်သားပြည်သူများကို ချီးကျူးဂုဏ်ပြုအောက်မေ့သော အထိမ်းအမှတ်နေ့​ဖြစ်ပါတယ်။ သြဂုတ်လ(၁၀) ရက်ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ရတဲ့အဓိကအကြောင်းအရင်းကတော့ ၁၉၇၅ ခုနှစ်၊ သြဂုတ်လ(၁၀) ရက်မှာ ကချင်လူမျိုးတို့ရဲ့ KIO, KIA အဖွဲ့အစည်းရဲ့ ပထမဆုံးသောခေါင်းဆောင်ကြီးဖြစ်တဲ့ G.O.C Lahtaw Zau Seng အသက်ပေးလှူခဲ့ရပါတယ်။ GOC.Lahtaw Zau Seng ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ကေအိုင်အို နိုင်ငံခြား ဆက်ဆံရေးရုံးမှ ချင်းမိုင်ခရိုင် အတွင်း ရှိ (ထိုစဉ်က )ကေအိုင်အေ စစ်တပ် စခန်းသို့ အလာ တပ်စခန်း သို့ မရောက်မီ လမ်းတစ်ဝက်မှာ မသမာသူတို့ရဲ့ လုပ်ကြံပစ်ခတ်ခံရခြင်းကြောင့် အသက်ပေးလှူခဲ့ရတာပါ။
ထိုနေ့ကိုအောက်မေ့သတိရသောအားဖြင့် ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။KIO အဖွဲ့အစည်းကြီးကနေ ၂၀၀၉ ခုနှစ်မှာ ကချင်အာဇာနည်နေ့အဖြစ် တရားဝင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကချင်အာဇာနည်နေ့မှာ ပြည်တွင်းမှကချင်လူမျိုးများသာမက ပြည်ပရောက်ကချင်လူမျိုးတို့ကပါ အသက်ပေးလှူသွားသောရဲဘော်များနဲ့ အရပ်သားပြည်သူများကို ဂုဏ်ပြုအောက်မေ့ကြပါတယ်။
မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေနှင့်လည်းယနေ့နွေဦးတော်လှန်ရေးကာလအထိခေတ်အဆက်ဆက်တိုင်းရင်းသားညီအကိုများနှင့်ထပ်တူထပ်မျှစစ်အာဏာရှင်အဆက်ဆက်ကိုတွန်းလှန်တိုက်ပွဲဝင်ရင်းအသက်ပေးလှူသွားခဲ့ရသောကချင်အာဇာနည်သူရဲကောင်းများအတွက်အစဥ်အောက်မေ့သတိရလျက်ရှိပါသည်။ ကချင်လူမျိုးများအပါအဝင်ခေတ်အဆက်ဆက်စစ်အာရှင်တွေကိုခုခံတော်လှန်ရင်းကျဆုံးသွားခဲ့သောပြည်ထောင်စုဖွားတိုင်းရင်းသားအာဇာနည်များအားအစဥ်အောက်မေ့သတိရခြင်းနှင့်အတူပြည်သူလူထုတရပ်လုံးလိုလားတောင့်တအပ်သောဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအမြန်ပေါ်ထွန်လာရေးအတွက်မိမိတို့အမျိုးသားညီညွတ်ရေးရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနမှကျရာအခန်းကဏ္ဍမှခိုင်မာသောစိတ်ဓါတ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
#ကချင်အာဇာနည်နေ့
#အလုပ်သမားဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ