အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

Ministry of Labour https://mol.nugmyanmar.org/activities/unionminister_meets_with_burmese_workers_skorea_to_discuss_labour_issues/
အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး –
ဒီဇင်ဘာ၊ ၄ ရက်
—————————————-
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများတွေ့ဆုံသည့် အခမ်းအနားကို ၄-၁၂-၂၀၂၁ ရက်နေ့တွင် Zoom Meeting ဖြင့်တွေ့ဆုံခဲ့ရာ အခမ်းအနားသို့ အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ တောင်ကိုရီးယားသမ္မတနိုင်ငံ မြန်မာရွှေ့ပြောင်းလုပ်သားရေးရာကော်မတီမှ အဖွဲ့ဝင်များ နှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများ စုစုပေါင်း ၁၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တောင်ကိုရီးယား နိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်တော်လှန်ရေးတွင် အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ အားလုံး၏စည်းလုံးမှုဖြင့်တော်လှန်ရေးသည်အောင်ကိုအောင်မြင်ရမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယား နိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာလုပ်သားများ ကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် လုပ်သားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုသိရှိလို၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ က အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ တော်လှန်ရေး ကာလဆောင်ရွက်ချက်များ၊ အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်း ပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ကိုယ်စားလှယ်ရုံး၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာရွှေ့ပြောင်းလုပ်သားရေးရာ ကော်မတီမှ ကော်မတီအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများမှ Passport သက်တမ်းတိုးနိုင်ရေးကိစ္စရပ်များ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် တောင်ကိုရီယားနိုင်ငံရောက် မြန်မာလုပ်သားများဘက်မှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ရောင်းချပေးသည့် ငွေတိုက် စာချုပ်ဝယ်ယူနိုင်ရေးအခြေအနေများ၊ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စစ်ကောင်စီသို့ငွေများစီးဆင်းမှုမရှိ စေရေးနှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများအရေးနှင့် စပ်လျဉ်း၍ဆောင်ရွက်မည့် Campaign ကိစ္စတို့ကိုမေးမြန်းဆွေးနွေးခဲ့ရာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။