မင်္ဂလာပါ –
ပြည်ထောင်စုမြန်မာနိုင်ငံသားအပေါင်းနဲ့ ဝန်ဆောင်မှု၊ ထုတ်လုပ်မှုလုပ်ငန်းအသီးသီးမှ ရဲဘော်အပေါင်းတို့ခင်ဗျား – ကျနော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က ပြည်ထောင်စုတခုလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် တနိုင်ငံလုံးက ပြည်သူများဟာ စစ်အာဏာရှင်းစနစ်ကို လူထုတိုက်ပွဲနဲ့ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ နေ့တနေ့ဖြစ်တာ အားလုံးအမှတ်ရပြီး ဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ (၃၄) ကြိမ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ဟာလည်း ပြည်သူများရဲ့ တတိယအကြိမ် လွတ်လပ်ရေးတော်လှန်ရေးကာလ တနိုင်ငံလုံးအနှံ့ စစ်ကျွန်ဘဝက လွတ်မြောက်ရေးအတွက် စစ်အာဏာစနစ်ကို လက်နက်ကိုင်တိုက်ပွဲအပါအဝင် နည်းလမ်းမျိုးစုံနဲ့ တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ကာလအတွင်း ကျရောက်နေတာပဲ ဖြစ်ပါတယ်။
ဒီလိုကာလမျိုးမှာ (၃၄) ကြိမ်မြောက် ၈ လေးလုံး နှစ်ပတ်လည်အထိမ်းအမှတ်ကို ထင်ဟပ်ပြီး ယနေ့ နွေဦးတော်လှန်ရေးလက်တွေ့ဘဝထဲကနေ ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
ပြည်ထောင်စုမြန်မာနိုင်ငံဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်ကနေ လွတ်လပ်ရေးရရှိပြီး ၁၀ နှစ် အတွင်းမှာ စစ်အာဏာရှင်စနစ်အေက် စစ်ကျွန်ဘဝအောက် ရောက်ရှိခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများဟာ မနားတမ်း တိုက်ပွဲအဆင့်ဆင့် ဆင်နွှဲပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲကြပါတယ်။
ဒီလိုအဆင့်ဆင့် တိုက်ပွဲဝင်ခဲ့ကြရင်း ၁၉၈၈ ခုနှစ်မှာ တနိုင်ငံလုံး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ထွန်းခဲ့ပါတယ်။လူထုတိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲများနဲ့ ငြိမ်းချမ်းစွာ လက်နက်မဲ့တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူများကို စစ်တပ်ဟာ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထပ်ဆင့်အာဏာသိမ်းခဲ့ပြန်ပါတယ်။ ၈ လေးလုံးအရေးတော်ပုံကြီး အတွင်း ပြည်သူထောင်ပေါင်းများစွာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်တဲ့ ဦးခင်မောင်မြင့်က “စစ်တပ်ဟာ ခံကတုတ်နှစ်ခုနဲ့ နေလေ့ရှိတယ်။ ပထမခံကတုတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး ဒုတိယခံကတုတ်ဟာ စစ်တပ်ကိုယ်တိုင်ပဲ ဖြစ်တယ်။ စစ်တပ်ဟာ သူ့ရဲ့တပ်ကို အမြုတေထားပြီး အခြေခံဥပဒေခံကတုတ် အကာအကွယ်နဲ့ နေလေ့ရှိတယ်။ သူ့ရဲ့ အခြေခံဥပဒေခံကတုတ် လဲပြိုတာနဲ့ မလုံခြုံတော့ဘူးဆိုတာနဲ့ သူကိုယ်တိုင်ထွက်လာပြီး စစ်တပ်ခံကတုတ်နဲ့ အာဏာသိမ်းလေ့ရှိတယ်။” လို့ ၉၀ ရွေးကောက်ပွဲမတိုင်မီ ကာလက ဆိုခဲ့ပါတယ်။
၁၉၆၂ ခုနှစ်အာဏာသိမ်းစစ်တပ်ရဲ့ ပထမခံကတုတ်ဖြစ်တဲ့ ၁၉၇၄ အခြေခံဥပဒေနဲ့ မဆလတစ်ပါတီ ဗိုလ်ချုပ်နေဝင်းက အာဏာရှင်စနစ်ကို ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးက ဖြိုဖျက်လိုက်တဲ့အခါ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးစီးတဲ့ စစ်တပ်ဟာ အာဏာသိမ်းပြီး ရှေ့ထွက်လာခဲ့ကာ ၎င်းတို့အာဏာ ဆက်လက်တည်မြဲရေး လုပ်ဆောင်ခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးဟာ ဥပဒေတွင်းတိုက်ပွဲအဖြစ် ဆက်လက်ဆင်နွှဲခဲ့ပြီး ဒီမိုကရေစီအင်အားစုများကို အပြတ်အသတ် မဲပေးထောက်ခံခဲ့ကြပါတယ်။ စစ်တပ်ဟာ ၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို နှစ် ၃၀ နီးပါး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆက်လက် အုပ်ချုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ ၎င်းတို့အသာစီးယူ စိတ်ကြိုက်အချိန်ယူရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြဌာန်းကာ စစ်တပိုင်း ဒီမိုကရေစီစနစ် (Semi Dictatorship Democracy) ကို ထူထောင်ခဲ့ပြန်ပါတယ်။
ပြည်ထောင်စုအတွင်းရှိ ပြည်သူအပေါင်းကလည်း ဥပဒေတွင်းတိုက်ပွဲအဖြစ် ၂၀၁၅ ခု ရွေးကောက်ပွဲနဲ့ ၂၀၂၀ ခု ရွေးကောက်ပွဲများမှာ စစ်တပ်လက်ဝေခံပါတီများ၊ စစ်တပ်ကိုယ်စားပြုပါတီများ၊ စစ်တပ်ဩဇာခံ ရုပ်သေးပါတီများကို လုံးဝ ဆန့်ကျင်ခဲ့ကြပြီး ခွက်ခွက်လန်အောင် ရှုံးနိမ့်စေခဲ့ကာ ဒီမိုကရေစီဘက်တော်သား ပါတီများကို အပြတ်အသတ် အနိုင်ရစေခဲ့ပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
စစ်တပ်ဟာ ၎င်းတို့ရဲ့ ပထမခံစစ် ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပိုင်းဒီမိုကရေစီစနစ်ဟာ ၎င်းတို့ရာသက်ပန် အာဏာဆုပ်ကိုင်ရေးကို မကာကွယ်နိုင်တော့မှန်း သေချာသိလာတဲ့အခါ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်ဆင့်အာဏာသိမ်းပြန်ပါတော့တယ်။
ပြည်သူများဟာလည်း လုံးဝလက်မခံနိုင်ကြဘဲ သန်းပေါင်းများစွာသော ပြည်သူများဟာ စစ်အာဏာသိမ်းမှုကို လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
စစ်တပ်ဟာ ပြည်သူမရှိ ရန်သူပဲ ရှိတယ်ဆိုတဲ့ ၎င်းတို့ရဲ့ စိတ်ရင်းအတိုင်း လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူများကို ရက်စက်စွာ ပစ်သတ်ပါတော့တယ်။ စားဝတ်နေရေး၊ ကာယကံ ဝစီကံ မနောကံ ဆင်းရဲနေကြရပြီး ကမ္ဘာငြိမ်းချမ်းရေးပုဂ္ဂိုလ်ကြီး ကန္ဒီ ပြောသလို – The world is enough for everyone each. But the world is not enough for the ones’ need.
စစ်တပ်ရဲ့ဖိနှိပ်ရက်စက်မှုကို ဆက်လက်ခွင့်မပြုနိုင်တော့တဲ့ ပြည်သူအပေါင်းဟာ ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ကို ပြည်ထောင်စုမြန်မာမြေပေါ်ကနေ အပြီးအပိုင် မောင်းထုတ်ဖို့ တော်လှန်ရေး ဆင်နွှဲလျှက်ရှိပါတယ်။
ယခုအခါ ပြည်သူအပေါင်းတို့ရဲ့ တော်လှန်ရေးကြောင့် စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်များ တခုပြီးတခု ပြိုလဲနေပြီး မကြာမီအတွင်း အပြီးအပိုင် ပြိုကျတော့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တို့ဟာ ၎င်းတို့စစ်တပ်ကိုယ်တိုင် ခုခံကာကွယ်နေတဲ့ စစ်ပွဲဟာ ရှုံးနိမ့်ဖို့ တာစူနေချိန်မှာ ရွေးကောက်ပွဲအတု၊ တွေ့ဆုံဆွေးနွေးရေးအတု၊ အခြေခံဥပဒေအတုများနဲ့ အကာအကွယ်ယူ ဆုတ်ခွာပြီး နောက်တကြိမ် အာဏာသိမ်းဖို့အတွက် အားယူ ပြင်ဆင်ခင်းကျင်းနေတာကို သတိမလွတ်ဖို့ လိုပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က “တတိယတော်လှန်ရေးဆိုတာ လာလိမ့်မယ်၊ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားကြရမယ်” လို့ ၎င်းမကွယ်လွန်မီက ဆိုခဲ့ပါတယ်။
ယခုနွေဦးတော်လှန်ရေးဟာ စစ်ကျွန်ဘဝက လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် နောက်ဆုံးအခွင့်အရေး၊ နောက်ဆုံးတိုက်ပွဲ ဖြစ်တာကို သတိမလွတ်ကြဖို့ လိုပါတယ်။
ဒီတော်လှန်ရေးအောင်မြင်ပြီးတာနဲ့ မြန်မာပြည်သူတို့ဟာ လုံးဝလွတ်လပ်တဲ့ ပုံသဏ္ဍာန်တူ မိမိဟာမိမိနေထိုင်တဲ့ ပြည်ထောင်စု Identical Indifference လူမျိုး၊ နိုင်ငံ အဖြစ်နဲ့ ကမ္ဘာ့အလယ်မှာ ပြန်လည်ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ လွတ်လပ်ပြီးခေတ် သမိုင်းဆိုတာဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသမိုင်းပဲ ဖြစ်ပါတယ်။
သမိုင်းဖြစ်ပေါ်တိုးတက်မှု၊ သမိုင်းရေးတောင်းဆိုမှုတို့အရ နယ်ချဲ့လက်အောက်က လွတ်မြောက်ရေး၊ ပထမအကြိမ် လွတ်လပ်ရေး တိုက်ပွဲကြီး၊ ၁၉၈၈ ခုနှစ် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး ဒုတိယ လွတ်လပ်ရေး တိုက်ပွဲနဲ့အတူ ယခုနောက်ဆုံး တတိယလွတ်လပ်ရေးတိုက်ပွဲကို အမြန်ဆုံး အနိုင်ရသည့်အထိ တညီတညာထဲ စုပေါင်းဆင်နွှဲကြဖို့ နှိုးဆော်ရင်းနှင့် –
ဒီမိုကရေစီအရေး၊ လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးတိုက်ပွဲ အသီးသီးတွင် ကျဆုံးခဲ့သူအပေါင်းနဲ့ ၈ လေးလုံး လူထုတိုက်ပွဲကြီးအတွင်း ကျဆုံးခဲ့ရသူအပေါင်းကို လေးလေးနက်နက် ဦးညွတ်ဂုဏ်ပြုပါတယ်ခင်ဗျာ –
“အရေးတော်ပုံအောင်ရမည်”