ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့ရှိ Sim Card စက်ရုံမှ မြန်မာအလုပ်သမား (၁၄) ဦး အား အလုပ်သမားအကျိုးခံစားခွင့်များရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့

၁။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့ရှိ Sim Card စက်ရုံမှ မြန်မာအလုပ်သမား (၁၄) ဦး အား စက်ရုံမှ ပုံမှန်အလုပ်မဆင်းခိုင်းဘဲ အလုပ်ရပ်နားမှုများရှိကြောင်း တိုင်ကြားလာသဖြင့် ၂၇-၉-၂၀၂၂ ရက်နေ့နှင့် ၂၈-၉-၂၀၂၂ ရက်နေ့တို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့က အယုဒ္ဓယခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်)နှင့် ချိတ်ဆက်၍ အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖြေရှင်းမှုကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-

(က) အလုပ်ဆက်လက် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သမား (၉) ဦး အတွက် အလုပ်ထုတ်နစ်နာကြေး တစ်ဦးလျှင် (၈၀၀၀) ဘတ် (၁ လစာ) နှုန်းဖြင့် စုစုပေါင်း (၇၂၀၀၀) ဘတ်နှင့် တရားဝင်အလုပ်ပြောင်းရွေ့ခွင့် စာရွက်စာတမ်းများ ကို ၂၇-၉-၂၀၂၂ ရက်နေ့တွင် အလုပ်ရှင်မှ အလုပ်သမားများအား ‌ပေးအပ်ခဲ့ခြင်း၊

(ခ) အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူညီချက်အရ ကျန်အလုပ်သမား (၅)ဦး အတွက် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများအား သက်တမ်းတိုးပေးရန်နှင့် တရားဝင်အလုပ်ပြောင်းရွေ့ခွင့် စာရွက်စာတမ်းများ
အ မြန်ဆုံးပြုလုပ်ပေးရန်၊

၂။ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် အယုဒ္ဓယခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

၃။အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug