ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှ အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးအကျိုးခံစားခွင့် နစ်နာကြေးငွေ ဘတ် (၁၂) သိန်းကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှ အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးအကျိုးခံစားခွင့် နစ်နာကြေးငွေ ဘတ် (၁၂) သိန်းကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

၁။ ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှာ အလုပ်ရှင်အသစ်ပြောင်း၍ အလုပ်သမား (၁၁၀)ဦးကို ၂၈.၉.၂၀၂၂ ရက်နေ့မှ စ၍ အလုပ်ထုတ်ပြီး နစ်နာကြေးငွေများမရရှိကြောင်း တိုင်ကြားလာသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့ မှ ၆.၁၀.၂၀၂၂ ရက်နေ့တွင် စူလပ်ဌာနီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆာဝါဒီကန်) နှင့် ချိတ်ဆက်၍ သွားရောက်ကူညီခဲ့ရာ အလုပ်ရှင်၊ အလုပ်သမားများ ညှိနှိုင်း၍ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆာဝါဒီကန်) ရှေ့မှောက်တွင် နှစ်ဘက်သဘောတူစာချုပ်ချုပ်ဆို၍ အောက်ပါအတိုင်း ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါသည်-

(က) လုပ်သက် (၆)နှစ် အထက်ရှိ အလုပ်သမား (၂၀) ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ဘတ် နှုန်းဖြင့် (၆၀၀၀၀၀) ဘတ်၊ လုပ်သက် (၅)နှစ်အထက်ရှိ အလုပ်သမား (၃၀) ဦးအား တစ်ဦးလျှင် (၁၅၀၀၀) နှုန်းဖြင့် (၄၅၀၀၀၀) ဘတ်၊ လုပ်သက် (၁) နှစ် မှ (၃) နှစ် ကြား ရှိ အလုပ်သမား (၁၀) ဦးအား တစ်ဦးလျှင် (၁၀၀၀၀) နှုန်းဖြင့် (၁၀၀၀၀၀) ဘတ်၊ လုပ်သက် (၄) လ မှ (၁) နှစ်အောက် အလုပ်သမား (၂၀) ဦး အား တစ်ဦးလျှင် (၅၀၀၀) ဘတ် နှုန်းဖြင့် (၁၀၀၀၀၀) ဘတ် စုစုပေါင်း (၁၂၅၀၀၀၀) ဘတ်ကို ၁၄.၁၀.၂၀၂၂ ရက်နေ့တွင် အလုပ်သမားများသို့ ပေးချေမည်ဖြစ်ကြောင်း၊

(ခ) လုပ်သက် (၄) လ အောက် အလုပ်သမား (၃၀) ဦး မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ပန်းရောင်ကတ်)စာရင်း တင်ထားပြီးဖြစ်၍ အလုပ်ရှင်မှ တရားဝင် အလုပ်ပြောင်းရွေ့ လုပ်ကိုင်ခွင့်စာရွက်စာတမ်း (ကျန့်အော်) ထုတ်ပေးမည်ဖြစ်ကြောင်း

၂။ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် စူလပ်ဌာနီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

၃။အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug