Covid-19 မျိုးရိုးဗီဇအသစ် အိုမိုင်ခရွန်(Omicron) နှင့်ပတ်သက်၍ရောဂါကာကွယ်ရေးနည်းလမ်း များကို လိုက်နာဆောင်ရွက်ကြရေး ကြေညာချက်

Ministry of Labour https://mol.nugmyanmar.org/news/proclamation-on-immunization-of-the-new-covid-19-omicron/ Ministry of Labour https://mol.nugmyanmar.org/news/proclamation-on-immunization-of-the-new-covid-19-omicron/Covid-19 မျိုးရိုးဗီဇအသစ် အိုမိုင်ခရွန်(Omicron) နှင့်ပတ်သက်၍ အလုပ်ရှင်၊အလုပ်သမား ၊ပြည်သူလူထုများအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်း များကို လိုက်နာဆောင်ရွက်ကြရေး ကြေညာချက်။

———————————————————————–

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားဝန်ကြီးဌာန

(ကြေညာချက်အမှတ် ၂ /၂၀၂၂)
၁၃၈၃ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

၁။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် အရှေ့တောင်အာရှနိုင်ငံများ၌ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း ဆက်လက်မြင့် တက်နေသည်ကို တွေ့ရှိရသည့်အပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ တွင်လည်း ယခုလက်ရှိအချိန်၌ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုများ အဆမတန် မြင့်မားလျက်ရှိပြီး ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ ဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်အသိပေး ကြေညာချက် များအရ သိရှိရပါသည်။
၂။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့က စတင်ခဲ့သည့် အာဏာသိမ်း ပိုက်ခဲ့မှုကြောင့် အလုပ်သမားထု အပါအဝင် ပြည်သူအများစုသည်ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရသည့်အပြင် ဘက်ပေါင်းစုံ အကြပ်အတည်း များကို ရင်ဆိုင်နေရသည့် အတွက် COVID-19 ရောဂါကို အရေးမထားနိုင် သည်ကို တွေ့မြင်နေရပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 မျိုးရိုးဗီဇအသစ် အိုမိုင်ခရွန်(Omicron) ကူးစက်ပျံ့နှံ့နေပြီး ယခင်မျိုးကွဲများနှင့် နှိုင်းယှဉ်ပါက အဆုတ်ထက်စာလျှင် အသက်ရှူလမ်းကြောင်း၏ အထက်ပိုင်း (နှာခေါင်း၊ ပါးစပ်၊ အာခေါင်၊ လည်ချောင်း၊ အသံအိုးစသည်) တွင် ပိုမိုကူးစက် မျိုးပွားနိုင်ကြောင်း၊ ဒယ်တာ(Delta) မျိုးကွဲ ကဲ့သို့ ရောဂါပြင်းထန်မှုမရှိနိုင်ဟု ဆိုသော်လည်း အိုမိုင်ခရွန် (Omicron) သည် ကူးစက်မှုနှုန်း အလွန်မြန်ဆန်ခြင်း၊ COVID-19 ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနည်းပါးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုစနစ်အားနည်းခြင်းနှင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို လူအများလိုက်နာ ဆောင်ရွက်မှု လျော့ကျလာခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသေဆုံးမှုများ မြင့်တက်လာနိုင်ခြေရှိကြောင်း၊ ထို့ပြင် လူတဦးနှင့်တဦး ကူးစက်မှုနှုန်း အလွန်မြန်ဆန်ခြင်း ကြောင့် COVID-19 စတုတ္ထလှိုင်း ဖြစ်ပွားနိုင်ခြေ အလွန်နီးစပ်နေပြီဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်များက သုံးသပ်ကြပါသည်။
၃။ ထို့ကြောင့် အလုပ်ရှင်၊ အလုပ်သမား၊ ပြည်သူလူထုများအနေဖြင့် အောက်ဖော်ပြပါ ရောဂါကာကွယ်ရေးနည်းလမ်းများကို မဖြစ်မနေ လိုက်နာ ကြရန် အလွန်ပင်အရေးကြီးပါသည် –
(က) Mask တပ်ခြင်း၊
(ခ) လက်ကို စနစ်တကျဆေးခြင်း၊
(ဂ) လူစုလူဝေးရှောင်ရှားခြင်း၊
(ဃ) လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း၊
(င) ၆ ပေ အကွာတွင် ခပ်ခွါခွါနေခြင်း၊
(စ) ချောင်းဆိုး၊ နှာချေတိုင်းပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊
(ဆ) လူနာနှင့် လူအများ မကြာခဏထိတွေ့ ကိုင်တွယ်လေ့ရှိသော အရာဝတ္ထု မျက်နှာပြင်များနှင့် နေရာများကိုပိုးသတ်သန့်စင်ခြင်း။
၄။ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များ၊ လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် မန်နေဂျာ များ အနေဖြင့် အလုပ်သမားများအတွက် COVID-19 ကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် အထောက်အပံ့များကို အထက်အပိုဒ် (၃) ပါ ညွှန်ကြားချက်များအတိုင်း အပြည့်အဝစီစဉ်ပေးရန်နှင့် အလုပ်သမား များအနေဖြင့်လည်း စနစ်တကျအသုံးပြုလိုက်နာ ဆောင်ရွက်ကြရန် အသိပေး ကြေညာအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

 

Scroll to Top