မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (MMWCs)များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

 

အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊  ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (MMWCs)များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး-

_________________________________________________________________________
ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့ နေရသောအခက်အခဲများကိုပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့်အကူအညီများ ကူညီ စောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူရေး တို့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် (၃) နိုင်ငံ မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ(MMWCs)တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀-၃-၂၀၂၂ ရက်နေ့ ထိုင်းနိုင်ငံစံတော်ချိန် ၁၈:၀၀ နာရီတွင် Zoom Meeting အသုံးပြု၍တွေ့ဆုံခဲ့ရာ အမျိုးသား ညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (MMWCs) မှ ကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၃၃) ဦးတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးကျော်နီမှ ကော်မတီများနှင့်ပတ်သက်သည့်မူဝါဒများ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်း ကောက်ယူရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် (၃) နိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ(MMWCs)အဖွဲ့ဝင်များမှ မြန်မာရွှေ့ပြောင်းအလုပ် သမားများလက်ရှိကြုံတွေနေရသည့်အခက်အခဲများ၊ပြည်ပအလုပ် အကိုင်ဆိုင်ရာ စစ်တမ်းကောက် ယူရေးနှင့် မြန်မာနိုင်ငံတွင်လက်ရှိကြုံတွေနေရသည့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။