ကမ္ဘာ့အလုပ်သမားနေ့
မေဒေးအခမ်းအနား

Broadcasting Partner

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) ဖြစ်ပေါ်လာပုံ

၂၀၂၂ခုနှစ်၊ မေလ ၁ ရက်နေ့တွက်ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး ပထမပိုင်းအနေဖြင့် မေဒေးနေ့ အခမ်းအနား နှင့် ဒုတိယပိုင်းအနေဖြင့် “တော်လှန်လုပ်သား နွေဦးအင်အား” ခေါင်းစဉ်ဖြင့် မေဒေးနေ့အထိမ်းအမှတ် စကားဝိုင်းတို့ကို စီစဉ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အလုပ်သမားနေ့ သမိုင်းအကျဉ်း

၁၈၈၆ ခုနှစ် မေလတွင် အမေရိကန်ပြည်ထောင်စု၏ နေရာအတော်များများ၌ အလုပ်သမား ၄ သိန်း သည် တစ်နေ့အလုပ်ချိန် ရှစ်နာရီ သတ်မှတ်‌ပေးရန်အတွက်တောင်းဆို ဆန္ဒပြခဲ့ကြပါသည်။ ဆန္ဒပြပွဲများကို ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း ချီကာဂိုမြို့ ဆန္ဒပြမှု တတိယမြောက်နေ့၌ အကြမ်းဖက်မှုအချို့ ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့က လက်နက်မဲ့ အလုပ်သမားများကို ပစ်ခတ်ခဲ့ရာ အများအပြား သေဆုံးခဲ့သည်။ နောက်တစ်နေ့တွင် ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး လူတစ်ဦးမှ ဗုံးဖြင့် ပစ်ပေါက်ခဲ့သည်။ ဗုံးပေါက်ကွဲပြီးနောက် ရဲခုနစ်ဦးနှင့် အလုပ်သမားလေးဦး သေဆုံးခဲ့ရသည်။ ဗုံးခွဲသူကို မည်သူမည်ဝါမှန်း မဖေါ်ထုတ်နိုင်ခဲ့သော်လည်း အလုပ်သမား ရှစ်ဦးဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ထဲမှ ခုနစ်ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး  တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။

The Haymarket Affair ဟုခေါ်သော ဤဖြစ်ရပ်သည် အမေရိကန်ပြည်ထောင်စုတွင် အလုပ်သမားများအကြား စည်းလုံးမှုရရန်အတွက် အလွန်အရေးကြီးသောဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော အလုပ်သမား ၈ ဦးကို အပြစ်ရှိသည်ဟု လူအများစုက မယုံကြည်ကြဘဲ တရားစီရင်မှုသည် မျှတမှုမရှိဟု ဝေဖန်ခံခဲ့ရသည်။ Haymarket Affair သည် အလုပ်သမားများ၏ ရပိုင်ခွင့်များရရှိရေး ကြိုးပမ်းမှု၏ အပြည်ပြည်ဆိုင်ရာ သင်္ကေတဖြစ်လာပြီး မေလ ၁ ရက်နေ့ကို ကမ္ဘာ့ အလုပ်သမားနေ့အဖြစ် သတ်မှတ်ကြခဲ့သည်။ မေလ ၁ ရက်နေ့တွင် ဆိုရှယ်လစ်ပါတီများနဲ့ အလုပ်သမားသမဂ္ဂများကဦးဆောင်မှုဖြင့် အလုပ်သမားများကိုယ်တိုင် တစ်နေ့အလုပ်ချိန် ရှစ်နာရီသတ်မှတ်ပေးရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုမှုစတင်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ တောင်းဆိုမှုများကို ဇွဲနပဲဖြင့်ဆက်လက်လုပ်ဆောင်ခဲ့မှုကြောင့် ၁၈၉၂ ခုနှစ် ၌ အမေရိကန်ပြည်ထောင်စုတွင် အလုပ်သမားများအတွက် တစ်နေ့အလုပ်ချိန်ရှစ်နာရီ သတ်မှတ်ကြောင်း ဥပဒေတွင်ထည့်သွင်းပြဌာန်းနိုင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင် တစ်နေ့အလုပ်ချိန်ရှစ်နာရီ တရားဝင် သတ်မှတ်ပေးရန်အတွက် အလုပ်သမား  လှုပ်ရှားမှုများပြုလုပ်တောင်းဆိုတိုက်ပွဲဝင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ကြပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် ကမ္ဘာ့အလုပ်သမားနေ့၌ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ကျော်က မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်သည့် တစ်နေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်နိုင်အောင် ဖိနှိပ်မှုအမျိုးမျိုးကို ဆန့်ကျင်ပြီး ညီညွတ်စွာ တိုက်ပွဲဝင်တောင်းဆိုခဲ့တဲ့ နိုင်ငံတကာအလုပ်သမားထုကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားများကို နည်းလမ်းအသွယ်သွယ်ဖြင့် ကျင်းပကြပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်ဆန့်ကျင် တိုက်ဖျက်ရေးအတွက် ခေတ်အဆက်ဆက် မှာ ပြည်သူအားလုံးနဲ့ အတူ ရှေ့တန်းမှ ဦးဆောင် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းပြည်ပရှိ အလုပ်သမားထုကြီးအား ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုတော်လှန်မှုများ၌ ကျဆုံးခဲ့သော အလုပ်သမားများနှင့် ဖမ်းဆီး ထောင်ချခံနေရသော အလုပ်သမားများ၏ သူရသတ္တိနှင့်စွန့်လွှတ်အနစ်နာခံမှုအား မော်ကွန်းတင်နိုင်ရန်အတွက်လည်းကောင်း ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်။

လုပ်သားထုရဲ့ သွေးစည်းသံ
တစ်ချီတည်း ရုန်းပြီး အောင်ပွဲခံ

မေဒေး အခမ်းအနား
တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်