ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ ကားတိမ်းမှောက်သေဆုံးမှုအတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၂) သန်းကျော် အပြည့်အဝ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့
၁။ ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်သဖြင့် ၁၁.၁၁.၂၀၂၁ ရက်နေ့တွင် အလုပ်သမား (၃) ဦး သေဆုံးခဲ့သည့် ကိစ္စနှင့် စပ်လျဥ်း၍ ကျန်ရစ်သူမိသားစုများအား အာမခံ အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ကိုရဲမင်း တာဝန်ခံဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့ အား တာဝန်ပေးအပ်ခဲ့ရာ ၃.၁၁.၂၀၂၂ ရက်နေ့တွင် သေဆုံးသူ အထောက်ထားမဲ့အလုပ်သမား (၂) ဦး ၏ အာမခံ အကျိုး ခံစားခွင့် တစ်ဦးလျှင် ဘတ် ၁ဝ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၂၁၀၀၀၀၀ ကို ကိုရဲမင်း တာဝန်ခံဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့မှ ကျန်ရစ်သူ မိသားစုများထံသို့ ပေးအပ်ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသူ တစ်ဦး၏ အာမခံအကျိုးခံစားခွင့်နှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
၂။ စစ်အာဏာသိမ်းရန်ကြိုးပမ်းမှု၏ အကျိုးဆက်အရ ဖြစ်ပေါ်လာသောဖိနှိပ်မှုများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ မိသားစု စားဝတ်နေရေးအခက်ခဲများ၊ ကုန်ဈေးနှုန်း ကြီးလာမှုနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ရန် အမျိုးမျိုးသော လမ်းကြောင်းများဖြင့် သွားရောက်ခဲ့သည့် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ ကားတိမ်းမှောက် သေဆုံးသည့်အတွက် အာမခံ အကျိုးခံစားခွင့်များရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးသည့် သက်ဆိုင်ရာ ထိုင်းနိုင်ငံ အစိုးရဌာနများ၊ ပုဂ္ဂလိက ကားအာမခံကုမ္မဏီ၊ ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့နှင့် ပူပေါင်းဆောင်ရွက်ပေးသူများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၃။အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug