World Day for Decent Work (ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့)
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်
ဒီကနေ့ အောက်တိုဘာ ၇ ရက် နေ့ဟာ အလုပ်သမားလောကမှာ Decent Work Day လို့ လူသိများတဲ့နေ့တနေ့ဖြစ်ပြီး ဘာသာပြန်ရရင် “ကမ္ဘာ့ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့၊ ကမ္ဘာ့ကောင်းမွန်သောအလုပ်ခွင်နေ့” ဟုဆိုရပါလိမ့်မည်။
သို့ပေမယ့်ယခုလိုစစ်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ နယ်ပယ်အသီးသီးကအသိပညာရှင်၊အတတ်ပညာရှင်အလုပ်သမားများအနေဖြင့် သင့်တင့်မျှတပြီး ဖူလုံတဲ့လုပ်ခလစာရရှိရေး၊ ပိုမိုကောင်းမွန်သော လုပ်ငန်းအခြေအနေရရှိရေး၊ ဂုဏ်သိက္ခာရှိသောလုပ်သားများအဖြစ် ရပ်တည်နေထိုင်နိုင်ရေးဆိုတဲ့အခွင့်အရေးတွေဟာ ရရှိလိမ့်မည်မဟုတ် ဆိုတာ အသေအချာပဲ ဖြစ်ပါသည်။
စစ်ကောင်စီမှ တဖက်ကလုပ်သားထုကြီးကိုတော်လှန်ရေးမှာမပါဝင်လာနိုင်ရေးအတွက် အကြပ်အတည်းမျိုးစုံဖြစ်အောင်နည်းမျိုးစုံနဲ့ဖန်တီးနေသလို အချို့သောအရင်းရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများကလဲ စစ်ကောင်စီအလိုကျပူးပေါင်းပါဝင်ပြီးလုပ်သားထုအပေါ်ဖိနှိပ်မှုတွေမှာပါဝင်နေတာကိုတွေ့ရပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနှင့်ယခုနွေဦးတော်လှန်ရေးကာလကြီးမှာပဲလုပ်သားထု၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေကိုစဥ်ဆက်မပြတ်လေ့လာစောင့်ကြည့်နေသလို တော်လှန်ရေးကာလအတွင်းစစ်ကောင်စီနှင့်အပေါင်းအပါအရင်းရှင်များ၏ဖိနှိပ်မှုကြောင့် လုပ်သားထု၏နစ်နာခဲ့တဲ့နစ်နာမှုတွေကိုမှတ်တမ်းတင်ခြင်း၊ အရေးယူရန်နည်းလမ်းများရှာဖွေဆောင်ရွက်ခြင်း အစရှိသဖြင့်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထပ်မံပြီးအသိပေးလိုသည်မှာစစ်ကောင်စီအာဏာသိမ်းကာလကိုအခွင့်ကောင်းယူပြီး လုပ်သားထု၏ဂုဏ်သိက္ခာ၊ အကျိုးစီးပွားနှင့်အခွင့်အရေးဆုံးရှုံးနစ်နာအောင်ပြုလုပ်သူ၊ စေခိုင်းသူ မှန်သမျှကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှပြင်းပြင်းထန်ထန်တုံ့ပြန်အရေးယူသွားမည်ဖြစ်သည်။
မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်သားထု၏ဂုဏ်သိက္ခာ၊ သင့်တင့်မျှတသောလုပ်ခလစာ၊ လုပ်ငန်းခွင်ကောင်းမွန်စေရေးအတွက်အစဥ်တစိုက်အားထုတ်လျက်ရှိကြောင်းနှင့်ယခု နွေဦးတော်လှန်ရေးကာလအတွင်းအကြမ်းဖက်စစ်ကောင်စီကိုနည်းလမ်းမျိုးစုံဖြင့်တိုက်ပွဲဝင်လျက်ရှိသော နယ်ပယ်အသီးသီးမှာတတ်သိပညာရှင်လုပ်သားများကိုဂုဏ်ယူလေးစားပါကြောင်းပြောကြားအပ်သည်။
World Day for Decent Work 2022https://t.co/7rJWLqihwI pic.twitter.com/xA5dYI0yuh
— Ministry of Labour – NUG 🇲🇲 (@MoLNUGMyanmar) October 7, 2022

