ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားဝန်ကြီးဌာန
ကြေညာချက်အမှတ် ( ၁၁ /၂၀၂၂)
၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်
(၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့)
အလုပ်သမားများနှင့် အလုပ်ခန့်ထားမှုအပေါ်တွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေခြင်းအပေါ် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခြင်း
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်တပ်က မတရား အာဏာသိမ်းယူရန်ကြိုးပမ်းလျက်ရှိသည့် ကြားကာလတွင် အလုပ်ရှင်၊ အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဖိနှိပ်မှုများနှင့် အခွင့်အရေးချိုးဖောက်ခံရမှုများကို တတ်နိုင်သည့် နည်းလမ်း ပေါင်းစုံဖြင့် ကူညီဖြေရှင်းပေးလျက်ရှိပါသည်။ တဘက်တွင်လည်း အခြေခံအလုပ်သမား အခွင့်အရေးများ ဥပဒေနှင့်အညီရရှိရေး၊ အလုပ်အကိုင်တည်မြဲရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ပြည်တွင်းနှင့် ပြည်ပရောက် မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရန်အတွက် တည်ဆဲဥပဒေမူဘောင်များအား ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း လုပ်ငန်းကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။
၂။ သို့သော် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ အပေါင်းအပါ လုပ်ငန်းရှင်များသည် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ အလုပ်သမားများအပေါ် ဥပဒေမဲ့ရမ်းကားမှုများ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေပြီး စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ အပါအဝင် ပြည်နယ်အချို့မှ အလုပ်သမားများအား ၎င်းတို့ ကိုင်ဆောင်ထားသည့် မှတ်ပုံတင်ကို အခြေခံ၍ အလုပ်ထုတ်ခြင်း၊ အလုပ်မခန့်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်း၍ အဆောင်များတွင်ဆက်လက် နေထိုင်ခွင့်မရရန် ဖိအားပေးခြင်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း တွေ့ရှိရပါသည်။
၃။ စစ်အာဏာရှင်တော်လှန်ရေးတွင် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နေကြသည့် အလုပ်သမားများ အပါအဝင် ပြည်သူများအပေါ် ထိုသို့ခွဲခြားဆက်ဆံမှုများသည် စစ်အာဏာရှင်စနစ်တည်မြဲစေရန် ထောက်တိုင်သဖွယ် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုံ့ချပါသည်။
၄။ အလုပ်ရှင်များအနေဖြင့် မည်သည့်အကြောင်းကြောင့်မျှ အလုပ်သမားများ အပါအဝင် ပြည်သူအားလုံးအပေါ် ခွဲခြားဆက်ဆံမှုမပြုလုပ်ရန်နှင့် အတတ်နိုင်ဆုံးကူညီဖေးမခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် တဘက်တလမ်းမှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။
၅။ လုပ်ငန်းခွင် သို့မဟုတ် အလုပ်ခန့်ထားမှုတွင် တနည်းနည်းဖြင့် ခွဲခြားဆက်ဆံခံရသော အလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေးယန္တရားသို့ တိုင်ကြားရန်နှင့် ထိုသို့ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်နေသော အလုပ်ရှင်များအား မှတ်တမ်းများရယူ၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
2022-08-27-statement-11-2022