ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားဝန်ကြီးဌာန
ရက် ၁၀၀ ဆောင်ရွက်ချက်များအား ပြည်သူသို့ အစီရင်ခံစာ
၃၁၊ ၇၊ ၂၀၂၁။
ဆောင်ရွက်ပြီးစီးမှုအခြေအနေ
အလုပ်သမားဝန်ကြီးဌာနစတင်ဖွဲ့စည်းပြီးချိန်မှစ၍ မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ ဖွဲ့စည်းပုံများကို ရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြအတည်ပြုချမှတ်ခဲ့ပါသည်။ ပြည်ပရွှေ့ပြောင်းလုပ်သားများအရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနကိုလည်းကောင်း၊ မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်ပိုမိုကျွမ်းကျင်တိုးတက်စေရန်အတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးဦးစီးဌာနကိုလည်းကောင်း တိုးချဲ့ဖွဲ့စည်းခဲ့သည်။
၁၉၊ ၀၆၊ ၂၀၂၁ ရက်နေ့တွင် ကျင်းပသည့် ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံ (ပထမပိုင်း-ဇွန်လ ၃ရက်နေ့မှ ၁၉ရက်နေ့အထိ/ ဒုတိယပိုင်း- နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၁ရက်နေ့အထိ)သို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နိုင်ရေးအတွက် Credential Committee သို့ ကိုယ်စားလှယ်စာရင်းတင်ပြခဲ့ပါသည်။ Credential Committee အဖွဲ့ဝင်များထံသို့ မိမိတို့ အမျိုးသားညီညွတ်ရေး အစိုးရသည်သာ ပြည်သူလူထုကရွေးချယ်တင်မြောက်ထားသော ကိုယ်စားလှယ်များက ခန့်အပ်တာဝန်ပေးထားသည့် တရားဝင်အစိုးရဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ အထောက် အထားများပူးတွဲလျက် အသိပေးခဲ့ပါသည်။ သို့သော် Credential Committee က အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ်စားလှယ်ကိုရော မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်ကိုပါ ညီလာခံတက်ရောက်ခွင့် ဆိုင်းငံ့ထားပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထူးအေဂျင်စီ(Specialized Agency) တစ်ခုဖြစ်သည်နှင့်အညီ စက်တင်ဘာလတွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကိုယ်စားလှယ်အရည်အသွေး စိစစ်ရေး ကော်မတီက ဆုံးဖြတ်သည့် ကိုယ်စားလှယ်ကိုသာ လက်ခံမည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။
နိုင်ငံတကာရောက်ရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူများနှင့် တွေ့ဆုံပြီး မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်များနှင့်တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့မှတဆင့် ၎င်းတို့၏အစိုးရများက အမျိုးသား ညီညွတ်ရေးအစိုးရကို ထောက်ခံလာရေး၊ အကြမ်းဖက်စစ်ကောင်စီအား ဖိအားပေးရေး၊ အကြမ်းဖက်စစ်ကောင်စီနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ရေး၊ မြန်မာပြည်သူများအား ကူညီထောက်ပံ့မှုများ ပေးဆောင်နိုင်ရေး ကိစ္စများဆွေးနွေးခဲ့သည်။
အလုပ်သမားများနှင့် CDM ဝန်ထမ်းများ၏ ကိုဗစ်ကူးစက်ခံရမှုအားကုသပေးရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး အစီအစဥ်များအား ကျန်းမာရေးဝန်ကြီးဌာန အကူအညီဖြင့် ဆောင်ရွက်နေပါသည်။
မိမိတို့တည်ရှိရာနေရာတွင်ရောက်ရှိနေသော PDF သင်တန်းသားများအဆင်ပြေစေရေးအတွက် ကာကွယ်ရေး ဝန်ကြီးဌာနနှင့်ချိတ်ဆက်လျက် ကူညီဆောင်ရွက်ပေးနေပါသည်။
ဆက်လက်ဆောင်ရွက်ရန်ရည်မှန်းထားသော လုပ်ငန်းများ
၁။ အကြမ်းဖက်စစ်ကောင်စီ၏ ညှိနှိုင်းဖြေရှင်းမှုယန္တရားမှာ အလုပ်သမားများအတွက် တရားမျှတမှုရရှိရန် မရေရာသောအခြေအနေတွင် အလုပ်သမားရေးရာအငြင်းပွားမှုများဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ညှိနှိုင်းဖြေရှင်းရေး ယန္တရားတခု အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ရည်မှန်းထားပါသည်။
၂။ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကရေးဆွဲပြဌာန်းထားသော Convention များတွင် မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ထိုးရန် ကျန်ရှိနေသေးသည့် Fundamental Convention ၄ ခုကျန်ရှိနေသေးရာ အဆိုပါ Convention များကို လက်မှတ်ထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိပါသည်။
၃။ ခေတ်၊စနစ်နှင့်မကိုက်ညီတော့သည့် အလုပ်သမားဥပဒေများအား ပြန်လည်ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲနိုင်ရေး အတွက် လိုအပ်သောညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်သွားရန် အစီအစဥ်များ ရှိပါသည်။
၄။ ပြည်ပနိုင်ငံများတွင် မြန်မာအလုပ်သမားများ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရေးအတွက် အစိုးရများထံ တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်သွားရန်နှင့် ပြည်တွင်းအလုပ်အကိုင်ရရှိရေး ချိတ်ဆက်ပေးမှုအတွက် ဖြစ်နိုင်မည့် အစီအစဥ်များ အကောင်အထည်ဖေါ်ရန်ရှိပါသည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအစိုးရအဖြစ်ခံယူထားသည်ဖြစ်ရာ မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနတာဝန်များအပြင် အကြမ်းဖက်စစ်ကောင်စီအားအမြန်ဆုံး ချေမှုန်းနိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအား ကူညီပံ့ပိုးမှုများ ပြုလုပ်သွားမည်။