ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

Ministry of Labour https://mol.nugmyanmar.org/activities/meeting-with-burmese-migrant-workers-in-thailand/
အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး –
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေး အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများတွေ့ဆုံသည့် အခမ်းအနားကို ၂၈-၁၁-၂၀၂၁ရက်နေ့တွင် Zoom Meeting ဖြင့်တွေ့ဆုံခဲ့ရာ အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ် သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဒုတိယအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ(ထိုင်းနိုင်ငံ)မှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားများ စုစုပေါင်း ၈၀ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်တော်လှန်ရေးတွင်တတ်အားသ၍ ပါဝင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ အားလုံး၏ စည်းလုံးမှုဖြင့် တော်လှန်ရေးအောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် ညီအစ်ကို မောင်နှမများကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ များကို သိရှိလို၍ ပွင့်ပွင့် လင်းလင်းဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) မှ ကော်မတီအနေဖြင့် ဆောင်ရွက် ပေးလျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အလုပ်သမားများမှ အထောက်အထား များ သက်တမ်းတိုးနိုင်ရေး၊ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးလျက်ရှိသော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စစ်ကောင်စီသို့ငွေများစီးဆင်းမှု မရှိစေရေးနှင့် မြန်မာအလုပ်သမားများအရေးနှင့်စပ်လျဉ်း၍ဆောင်ရွက်မည့် campaign ကိစ္စတို့ကို မေးမြန်းဆွေးနွေး ခဲ့ရာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) မှ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။