အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားကျင်းပ

Ministry of Labour https://mol.nugmyanmar.org/activities/international_migrants_day_ceremony/
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာ သူများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများတွေ့ဆုံသည့်အခမ်းအနားကျင်းပ
ဒီဇင်ဘာ ၊ ၁၉ ရက်
——————————————————-
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများတွေ့ဆုံသည့်အခမ်းအနားကို ၁၉-၁၂-၂၀၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် Zoom Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီ နှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ(ထိုင်းနိုင်ငံ) မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ထိုင်းနိုင်ရောက်မြန်မာအလုပ်သမားများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ က အဖွင့်အမှာစကား ပြောကြားရာ၌ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အဖြစ်ကျင်းပပြုလုပ်သည့် ယနေ့တွေ့ဆုံပွဲကို တက်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီမှ အဖွဲ့ဝင်များ၊ အလုပ်သမားများနှင့် ဝန်ကြီးဌာနက တာဝန်ရှိသူများအားလုံး ဘေးဘယာ ကင်းကွာပြီး ကျန်းမာစေကြောင်း နှုတ်ခွန်းဆက်သပါကြောင်း။
အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ၁၉၃ နိုင်ငံပါဝင်ဖွဲ့စည်း ထားသည့် ကုလသမဂ္ဂအဖွဲ့ကြီးမှ ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး ဒီဇင်ဘာလ ၁၈ရက်နေ့ကိုအပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အဖြစ်သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၁ နှစ်တိုင် ရှိပြီဖြစ်ပါကြောင်း။ နိုင်ငံတိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွင် ရွှေ့ပြောင်းသွားလာ နေထိုင်လုပ်ကိုင် သူများ၏ အရေးပါသည့် အခန်းကဏ္ဍကို ရှောင်လွှဲလ၍မရခြင်းကို ပြသနေခြင်းဖြစ်ပါကြောင်း။ ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း သွားလာသူများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ထား သည့် ဆောင်ပုဒ်မှာ “လူသားများ၏ ရွေ့ပြောင်းနိုင်မှု အလားအလာကို ဖော်ထုတ်အသုံးချစို့” ရေးဖြစ်ပါကြောင်း။
မတူညီသည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွါးရေး အခြေအနေများသည် ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်း သွားလာနေထိုင်လုပ်ကိုင်ရန် အဓိက တွန်းအားနှင့် ဆွဲအားများဖြစ်ပါကြောင်း။ အဆိုပါ အခြေအနေများတွင် အားမလျော့ပဲ စွန့်စားတတ်ပြီး တတ်နိုင်သလောက် အကောင်းဆုံး အသက်ရှင် နေထိုင်ဖို့ အားထုတ်တတ်သည့် လူသားဗီဇကြောင့် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ခြင်းဖြစ်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ခြင်းသည် တစ်ဦး တစ်ယောက် တစ်မိသားစုအဆင်ပြေရေးအတွက် ရေကြည်ရာမြက်နုရာ ရှာဖွေခြင်းဟုစဉ်းစားပြီး ယခင်က အလေးမထားကြသော်လည်းနောက်ပိုင်း တွင်အရေးကြီးသည့်ကိစ္စရပ်အဖြစ်အားလုံးက အလေးထားလက်ခံလာကြ ကြောင်း။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတိုင်းသည် ရွှေ့ပြောင်းသွား လာနေထိုင်လုပ်ကိုင်ခြင်းဖြစ်စဉ်၌ စေလွှတ်နိုင်ငံအဖြစ် သော်လည်းကောင်း လက်ခံနိုင်ငံအဖြစ်ပါ တစ်နည်းနည်းဖြင့် ပါဝင်နေခြင်းဖြစ်ပါကြောင်း။
ကုလသမဂ္ဂ၏ စစ်တမ်းများအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာနှင့်အဝှမ်း ရွှေ့ပြောင်း အလုပ် သမား (၁၆၄) သန်းအပါအဝင် စုစုပေါင်း ရွှေ့ပြောင်းသွားလာနေထိုင်သူ (၂၈၁)သန်း ခန့်ရှိပြီး ကမ္ဘာ့ လူဦးရေ၏ ၃.၆ ရာခိုင်နှုန်းရှိကြောင်း၊ ရွှေ့ပြောင်းသွားလာသူများက ယင်းတို့၏ မိသားစုများထံ လွှဲပို့ ငွေမှာ အမေရိကန်ဒေါ်လာ (၇၁၇) ဘီလီယံရှိသည်ကို သိရှိရပါကြောင်း။
ယခုကာလသည် အကြမ်းဖက်စစ်ကောင်စီကိုဖြုတ်ချပြီး အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်စီမံခန့်ခွဲပိုင်ခွင့် ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းသည် အရေးအကြီးဆုံး ဖြစ်သည်ကို ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံ အသီးသီးမှာရောက်ရှိနေကြသည့် ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူ မြန်မာနိုင်ငံသားများ နားလည် ကြသည်ကို ကျေနပ်အားရဖြစ်မိပါကြောင်း။
စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေးတွင် မြန်မာနိုင်ငံမှရွှေ့ပြောင်း အလုပ်သမားများနှင့် ပြည်ပအခြေချနေထိုင်သူများ၏ အရေးပါသည့် အခန်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြသည့်အတွက် အထူးပင်ဂုဏ်ယူ ဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်းပြောကြား ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်နီ က အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်တွင်း/ပြည်ပ အလုပ်သမားများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေ အနေများ၊ တော်လှန်ရေးကာလ ဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ထိုင်းနိုင်ငံ) အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေ မှ International Migrant Day အထိမ်းအမှတ်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ကိုကျော်ဇေယျ မှ ပညာပေး အစီအစဉ်အဖြစ် အတွေ့အကြုံမျှဝေခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ် အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှသီဆိုဖျော်ဖြေခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားတက်‌‌ရောက်လာကြသော ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများက လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများနှင့် အခြေအနေများအား မေးမြန်း တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။