၂ဝ၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးပြောကြားသည့် နိဂုံးချုပ်စကား

၁၃၄ ကြိမ်မြောက် မေဒေးအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတာ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကိုယ်စားလှယ်တို့နှင့်တကွ အခမ်းအနားတက်ရောက်သူအားလုံးကို အလုပ်သမားဝန်ကြီးဌာန ကိုယ်စား ကျေးဇူးတင်ကြောင်းပြောပါရစေ

အကြမ်းဖက်ဆစ်တပ်က နိုင်ငံတော်အာဏာကို မတရားရယူဖို့ ကြိုးစားတဲ့နေ့က စပြီး မြန်မာပြည် အလုပ်သမားတွေရဲ့ အခြေအနေဟာ တစတစ ဆိုးရွားလာလိုက်တာဟာ ခုချိန်ဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာလည်း စိတ်ဖြောင့်ဖြောင့် အလုပ်မလုပ်နိုင်တဲ့အခြေအေနေ၊ လုပ်ငန်းခွင်နဲ့ အိမ်အကြား အသွားအပြန်တောင် မလုံခြုံတဲ့အခြေအေနေတရပ်ကို ကြုံနေရပြီ ဖြစ်ပါတယ်။ ဒါဟာ အလုပ်သမားတွေဟာ ဖက်ဆစ်ဆန်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာ အလုပ်သမားအခွင့်အရေးတွေ လုံးဝ မရှိတော့တာကို ပြနေတာပါပဲ။ ဒါကြောင့် ဖက်ဆစ်စရိုက်ရှိတဲ့ စစ်တပ်ရဲ့ ဖိနှပ်မှုအောက်မှာ အလုပ်သမားအခွင့်အရေးတွေဟာ ဘယ်လိုနည်းနဲ့မှ တိုးတက်ရရှိလာမှာမဟုတ်သလို တိုးတက်ရရှိနိုင်ပါတယ် ဆိုတဲ့သူတွေဟာလည်း အကြမ်းဖက်ဆစစ်ကောင်စီ သက်ဆိုးရှည်အောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အလုပ်သမားထုကြီး အဖိနှိပ်ခံဘဝက လွတ်မြောက်အောင် ဆောင်ရွက်နိုင်မယ့်နည်းလမ်းက တခုတည်းပဲရှိပါတယ်။ ဒါဟာ တော်လှန်ရေးပါပဲ။

တော်လှန်ရေးနိုင်မှသာ အလုပ်သမားတွေရဲ့ ဘဝ လုံခြုံမှုနဲ့ အခွင့်အရေးတွေ တိုးတက် ရရှိလာမှာ ဖြစ်ပါတယ်။ မေဒေးဟာ အလုပ်သမားတွေရဲ့ တိုက်ပွဲအထိမ်းအမှတ် နေ့ဖြစ်ပါတယ်။ စေ့စပ်ရေးအထိမ်းအမှတ် မဟုတ်ပါဘူး။ မေဒေး စိတ်ဓာတ်ဟာ တိုက်ပွဲဝင်စိတ်ဓာတ်ပါပဲ။ ဖက်ဒရယ်ဒီမိုကရေစီ မရှိဘဲ အလုပ်သမားအခွင့်အရေးမရရှိနိုင်တဲ့အတွက် နွေဦးတော်လှန်ရေးကို မေဒေးစိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြဖို့ အလုပ်သမားထုကြီးကို တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

မေဒေးစိတ်ဓာတ် အဓွန့်ရှည်ပါစေ

အရေးတော်ပုံ အောင်ရမည်။