ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ သတိထား ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ချက်

၁။      ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် MoU စနစ်ဖြင့် ထိုင်းနိုင်ငံတွင်  ပြည်လည်ဝင်ရောက် လုပ်ကိုင်ရန်သော်လည်းကောင်း၊ အခြား အကြောင်းများကြောင့်သော် လည်းကောင်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၊ သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုသည့်ရုံးများ၊ သက်ဆိုင်ရာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးများတွင် စစ်ကောင်စီ အနေဖြင့် အလုပ်သမားများ၏ အချက်အလက်များအား စိစစ်ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဝန်ကြီးဌာနများနှင့်သော်လည်းကောင်း၊ PDF တပ်ဖွဲ့ဝင်များနှင့်သော်လည်း ကောင်း ချိတ်ဆက်၍ ထောက်ပံ့လှူဒါန်းခြင်း ရှိ မရှိ၊ ထိုင်းနိုင်ငံအတွင်း နေထိုင်စဉ် ဆန္ဒပြပွဲ၊ သပိတ်မှောက်ပွဲများတွင် ပါဝင်လှုပ်ရှားမှု ရှိ မရှိ၊  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် တာဝန် ထမ်းဆောင်လျက်ရှိသော သံရုံးဝန်ထမ်းများနှင့် သော်လည်းကောင်း၊ အလုပ်သမား သံအရာရှိများနှင့်သော်လည်းကောင်း ပဋိပက္ခဖြစ်ပွားခဲ့မှု ရှိ မရှိ  တို့ကိုစစ်ဆေးခြင်း၊ အလုပ်သမားများ၏ ဖုန်းထဲရှိ ဓာတ်ပုံမှတ်တမ်းများအား စစ်ဆေးခြင်းနှင့် အလုပ်သမားများ အသုံးပြုလျက်ရှိသည့် Facebook  ကဲ့သို့သော Social media များအား စစ်ဆေးခြင်းများ ပြုလုပ်၍ ဖမ်းဆီးခြင်း၊ ငွေညစ်တောင်းခံခြင်းများ ရှိနေကြောင်း သိရှိရပါသည်။

၂။      ထို့အပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိစေရေး ကြိုးပမ်းအားထုတ်မှုအပေါ် တားဆီးရန် ရည်ရွယ်၍ သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လုပ်ငန်းစဉ်များ ဆောင်ရွက်ချိန်တွင်သော်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ  မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရာတွင်သော်လည်းကောင်း  ယင်းရုံးများ၌ တာဝန်  ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့်  အထက်ပါနည်းလမ်းများ အသုံးပြု၍ အလုပ်သမားများ၏ ဒီမိုကရေစီ ရရှိရေး  လှုပ်ရှားမှုများအပေါ် ဖိနှိပ်ခြင်း၊ အပြစ်ရှာကာ ငွေကြေး တောင်းခံခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်ပရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများထံမှ ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ငွေခွန်ပေးဆောင်ရန်နှင့် မိသားစုငွေ လွှဲပို့ရန် ဖိအားပေးဆောင်ရွက်လျက်ရှိသည်ကို ကြားသိရပါသည်။

၃။      သို့ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများအနေဖြင့် မိမိနှင့်စပ်လျဉ်းသည့် အချက်အလက်များကို သေချာစွာ စုံစမ်းစိစစ်ပြီးမှသာ သတိကြီးစွာဖြင့် လုံခြုံရေးအထူးဂရုစိုက်ရန် အလေးထား တိုက်တွန်း နှိုးဆော်အပ်ပါသည်။

၄။      ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မိမိတာဝန်ယူထားသည့် အလုပ်သမား များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင်သော်လည်းကောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်သော်လည်းကောင်း သတိထား ဆောင်ရွက်ရမည့်အချက်များကို အလုပ်သမားများ သိရှိနိုင်ရေး ကြိုတင်အသိပေး ဆောင်ရွက်သွားရန်နှင့် ထိုသို့ ဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီဘက်တော်သားများနှင့် ပူးပေါင်း၍ အလုပ်သမားများ ထိခိုက်နစ်နာစေရန် ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိ ရပါက အမည်ပျက်စာရင်း  (Black List) ရေးသွင်း၍ ပြည်သူ့အစိုးရ အာဏာ ရရှိချိန်တွင် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပါသည်။

အလုပ်သမားဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ