MICS အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်နှင့်အတူ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် ကမ်ပိန်းတွင် ပါဝင်နိုင်

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်နှင့်အတူ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် ၂၀၂၄ ခုနှစ်၊ မေလ(၁)ရက်နေ့တွင် စတင်၍ နယ်သာလန်နိုင်ငံရှိ အလုပ်သမားများနှင့် လူထုက လက်မှတ်ရေးထိုးပေးပို့သည့် ပို့စကတ် ကမ်ပိန်းတရပ်ကို ပြုလုပ် လျက်ရှိပါသည်။ အဆိုပါ ကမ်ပိန်းတွင် အလုပ်သမားများက ကိုသက်နှင်းအောင်နှင့် အတူတကွ ရပ်တည်ကြောင်း၊ ကိုသက်နှင်းအောင် အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း စာရေးသားပြီး သွေးစည်းညီညွတ်မှုအရ ပေးပို့သော ပို့စကတ် ကမ်ပိန်း ဖြစ်ကြောင်း သိရှိရသည်။ ယနေ့အချိန်ထိလည်း ရေးသားပေးပို့မှုများ ပြုလုပ်လျက်ရှိပြီး ပူးပေါင်းပါဝင်နိုင်ကြောင်းနှင့် ကိုသက်နှင်းအောင် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက်လည်း နိုင်ငံတကာ ကမ်ပိန်းများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပါသည်။
ကိုသက်နှင်းအောင်သည် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက်ပိုင်း အလုပ်သမား အရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခြင်း ခံရကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂)နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့ တွင် ကိုသက်နှင်းအောင်သည် ထောင်ဒဏ်မှ လွတ်ရက်စေ့သော်လည်း စစ်ကောင်စီမှ ပြန်လွှတ် မပေးဘဲ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂/က နှင့် ထပ်မံတရားစွဲဆိုပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်း ခံထားရသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ၁၅-၆-၂၀၂၄ ရက်နေ့က ကျင်းပခဲ့သည့် ၃၅၁ ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့ (ILO GB) အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်၊ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် ဆုံးဖြတ်ခဲ့သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနှင့် အခြေခံအခွင့်အရေးများကို လေးစားလိုက်နာရန်၊ မတရားဖမ်းဆီးထိန်းသိမ်း ခံထားရသူများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ အခြေခံလူ့အခွင့်အရေး ဖော်ဆောင်ရာတွင် ရိုဟင်ဂျာများ အပါအဝင် အလုပ်သမားသမဂ္ဂအဖွဲ့၀င်များ၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ များနှင့် အခြားတက်ကြွ လှုပ်ရှားသူများအား မတရား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခြင်း များ၊ စစ်တပ်က အဓမ္မစစ်သား စုဆောင်းနေမှုများကို ရပ်တန့်ရန်နှင့် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြု တိုက်တွန်းချက်များအရ လာမည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာလတွင် ကျင်းပမည့် ၃၅၂ ကြိမ် မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင် ILO ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ ကျူးလွန်နေသည့် မြန်မာစစ်တပ်အား အရေးယူနိုင်ရေး တင်ပြရန် ILO ညွှန်ကြားရေးမှူးချုပ်အား တိုက်တွန်းထားကြောင်းနှင့် အရေးယူရန် အဆုံးအဖြတ် ပေးသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်များကို အစည်းအဝေး အစီရင်ခံစာ၌ ဖော်ပြပါရှိသည်ကို တွေ့ရှိရပါသည်။
ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန် ကိုသက်နှင်းအောင် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် နယ်သာလန်နိုင်ငံရှိ အလုပ်သမားများနှင့် လူထုက လက်မှတ်ရေးထိုးပေးပို့သည့် ပို့စကတ် ကမ်ပိန်း အပါအဝင် နိုင်ငံတကာ ကမ်ပိန်းများတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာပြည်သူလူထုအနေနှင့် လုပ်သားများအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
Scroll to Top