ကမ္ဘာ့အလုပ်သမားနေ့ May Day ကျင်းပသွားမည်ဖြစ်ကြောင်းကြေညာခြင်း

လာမည့် မေလ (၁) ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ (May Day) ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား သူရဲကောင်းများအား ဦးညွှတ်ဂုဏ်ပြုပါသည်။

မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေသော ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများ ပြန်လည်ရရှိရေး၊ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး သန္နိဋ္ဌာန်ဖြင့် 2023 May Day နေ့တွင် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တစ်ချီတည်း ရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် မေဒေးလှုပ်ရှားမှု (Campaign) များနှင့် May Day အထိမ်းအမှတ်အခမ်းအနားကို Virtual စနစ် (Zoom Platform) ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်တက်ရောက်မည်ဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မတကြီးက ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊ နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ မြန်မာအလုပ်သမားများတပ်ပေါင်းစုမှ ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများက May Day အထိမ်းအမှတ် အမှာစကားများ ပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ အခမ်းအနား ကျင်းပမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)၊ အလုပ်သမားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)၊ PVTV၊ Radio NUG နှင့် အခြားမီဒီယာများမှ မေလ ၁ ရက်နေ့(တနင်္လာနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

“လုပ်သားထုရဲ့ သွေးစည်းသံ၊ တစ်ချီတည်း ရုန်းပြီး အောင်ပွဲခံ”
“United Voice of Workers, Fight for Federal Future”