အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးစီး၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် မေလ (၁)ရက်နေ့တွင် ကျရောက် သည့် ၁၃၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ၁-၅-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁၃း၀၀ နာရီအတွင် Virtual (Zoom) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတကြီးက ပေးပို့သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သဝဏ်လွှာကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်က ဖတ်ကြားခဲ့ပြီး အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပအို့အမျိုးသားဖက်ဒရယ်ကောင်စီမှ ခွန်မြင့်ထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တို့က မေဒေးအမှတ်တရ အမှာစကားများ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာ့နွေဦးတော်လှန်ရေး၏ အစသူရဲကောင်းများဖြစ်သော နိုင်ငံ့ဝန်ထမ်း (CDM များ)နှင့် ပုဂ္ဂလိက ဝန်ထမ်း လုပ်သားများ၏ ပါဝင်လှုပ်ရှားမှုများ မှတ်တမ်းရုပ်သံကို ပြသခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော International Union of Food, Agriculture, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association (IUF) မှ အထွေထွေအတွင်းရေးမှူးချုပ် Ms. Sue Longley၊ အလုပ်သမားထုနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက် (AMTUN)၊ WE Generation Network နှင့် အခြေခံပညာရေးလုပ်သားများ သမဂ္ဂ (BEWU) မှ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးဌေး တို့က အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်က မြန်မာ အလုပ်သမားတပ်ပေါင်းစုက ပေးပို့သော မေဒေး သဝဏ်လွှာကို ဖတ်ကြားခြင်း၊ နိုင်ငံ့ဝန်ထမ်း CDM နှစ်ဦးက အမှတ်တရ စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက နိဂုံးချုပ် စကားပြောကြားကာ တက်ရောက်လာသူများက မြန်မာနိုင်ငံ အလုပ်သမားများ၏ ၂၀၂၃ ခုနှစ်၊ မေဒေးကြွေးကြော်သံဖြစ်သည့် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်းရုန်းပြီး အောင်ပွဲခံ” ကြွေးကြော်၍ အခမ်းအနားကို မြန်မာစံတော်ချိန် ၁၄း၃၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။