ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုဝန်ကြီးဦးနိုင်သုဝဏ္ဏမှပြောကြားသည့်မိန့်ခွန်း

“၁၉၆၂ စစ်အာဏာရှင်စနစ်ရဲ့ ပထမဆုံး ပန္နက်ရိုက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ဟာ စစ်အာဏာရှင်စနစ် ခေါင်းတလားကို ပိတ်သိမ်းသင်္ဂြိုဟ်မယ့် ခေါင်းတလားသံချက် တချက်ဖြစ်ပါတယ်”
 
ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ) ပြည်ထောင်စုဝန်ကြီး ဦးနိုင်သုဝဏ္ဏ ပြောကြားသည့်မိန့်ခွန်းအားပြန်လည်ဖော်ပြအပ်ပါသည်။
 
ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုဝန်ကြီးဦးနိုင်သုဝဏ္ဏမှပြောကြားသည့်မိန့်ခွန်း
 
ဇူလိုင် ၊ ၇ ရက် ၊ ၂၀၂၂ ခုနှစ်
 
ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး မင်္ဂလာပါ ခင်ဗျာ
 
ကျနော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ) နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။
ဒီနေ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း အပါအဝင် လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်များစွာကို မွေးထုတ် ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်အာဏာရှင်တို့က ဖြိုချဖျက်ဆီးခဲ့တဲ့ သမိုင်းဥဒါန်းချေသော မကျေတဲ့နေ့ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အုပ်စုရဲ့ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦး ကို ဖြိုချခဲ့ခြင်းဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး အားလုံးကိုပါ ဖြိုချခဲ့တဲ့ နေ့တစ်နေ့အဖြစ်လည်း မှတ်ယူနိုင်ပါတယ်။
အလားတူ လွတ်လပ်ရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ရှေ့တန်းအကျဆုံး ခံကတုတ်ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးနှင့် ကျောင်းသား ရဲဘော်များ ဖြိုချခံရပြီး စစ်အာဏာရှင်စနစ်ကို စတင်အုတ်မြစ်ချခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။
 
ပြည်သူလူထုအပေါင်းတို့ခင်ဗျာ…..
စစ်အာဏာရှင်စနစ်ရဲ့ တိုင်းပြည်နှင့် ပြည်သူကို စစ်ကျွန်ဘဝပို့ခဲ့တဲ့ ဗိုလ်နေဝင်းက ကျောင်းသား သမဂ္ဂအဆောက်အဦးကို ဖြိုချပြီးနောက် “ဒါးကိုဒါးချင်း လှံကိုလှံချင်း ဆိုင်ရန်သာရှိကြောင်း” ဆိုပြီး တနိုင်ငံလုံးကို စိန်ခေါ်ခဲ့ပါတယ်။
စစ်အာဏာရှင်တို့ရဲ့ လက်နက်အားကိုးနဲ့ ပြည်သူကို ဗိုလ်ကျ အနိုင်ကျင့်၊ ဖိနှိပ် စိန်ခေါ်မှုကို အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးဟာ စဉ်ဆက် မပြတ် တွန်းလှန်ခုခံကာကွယ် ခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ်မှာ တနိုင်ငံလုံး ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်ကို အုံကြွ တော်လှန်ကြတဲ့ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မပါ လက်ဗလာနဲ့ ပြည်သူများကို စစ်အာဏာရှင်ကိုယ်စား ဗိုလ်နေဝင်းက “ စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး” ဆိုပြီးတော့ စိန်ခေါ်ပစ်ခတ်ခဲ့ ပါတယ်။ လက်နက်မဲ့ ဆန္ဒပြပြည်သူ ထောင်သောင်းချီပြီး ဒီမိုကရေစီအရေးတော်ပုံအတွက် အသက် စွန့်လွှတ် ခဲ့ကြရပါတယ်။
စစ်အာဏာရှင်တို့ရဲ့ စစ်အာဏာရှင်အစိုးရနဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ပြည်သူများ၊ ရဟန်းရှင်လူ ကျောင်းသားများဟာ ရတဲ့အခြေအနေနဲ့ ရသလို တရံမလပ် တော်လှန် ခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်မှာ တကမ္ဘာလုံး အံ့အားသင့်ခဲ့ရတဲ့ ရွှေ‌ဝါရောင်သံဃာ့ အရေးတော်ပုံကြီးကို ရဟန်းရှင်လူ ပြည်သူများ အတူလက်တွဲပြီး ဆင်နွှဲခဲ့ကြပါတယ်။
 
ပြည်သူအပေါင်းတို့ခင်ဗျာ…..
 
စစ်အာဏာရှင်တို့ဟာ ၎င်းတို့အုပ်စိုးမှုကို ဆက်လက်ထိန်းသိမ်းရေး၊ ၎င်းတို့အာဏာ ဆုတ်ကိုင် ထားရေးတို့အတွက် ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပိုင်း ဒီမိုကရေစီစနစ် ကို ဟန်ပြကျင့်သုံးခဲ့ပါတယ်။
 
ပြည်သူများခင်ဗျာ…..
စစ်အာဏာရှင်တို့စိတ်ကြိုက် ဖန်တီးထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ နိုင်ငံရေး အခင်းအကျင်းထဲ မှာပဲ ပြည်သူတို့ဟာ ရွေးကောက်ပွဲအသီးသီးမှာ စစ်အုပ်စု၊ စစ်အာဏာ ရှင်စနစ် အခြေခံပါတီများ၊ စစ်အုပ်စု လက်ဝေခံပါတီများကို ပြတ်ပြတ်သားသား ဆန့်ကျင် ခဲ့ကြပါတယ်။
ရွေးကောက်ပွဲတိုင်းမှာ ပြည်သူအပေါင်းတို့ဟာ ဒီမိုကရေစီအင်အားစုများကိုသာ အင်တိုက် အားတိုက် မဲပေးခဲ့ကြပြီး “ဥပဒေတွင်းတိုက်ပွဲ”ကို တနိုင်ငံလုံး ဆင်နွှဲပြီး စစ်အာဏာရှင်နဲ့ ၎င်းတို့ရဲ့ လက်ဝေခံများကို အနိုင်ယူခဲ့ကြပါတယ်။
 
ပြည်သူအပေါင်းတို့ခင်ဗျာ
၂၀၂၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်တို့ရဲ့ ပါတီများနဲ့ လက်ဝေခံပါတီများကို ပြည်သူများက ပြင်းထန်စွာ ဒဏ်ခတ်ပြီး “ဥပဒေတွင်းတိုက်ပွဲ”နဲ့ အနိုင်ယူခဲ့ကြပါတယ်။
စစ်အာဏာရှင်တို့ဟာ ပြည်သူတရပ်လုံးရဲ့ “ဥပဒေတွင်းတိုက်ပွဲ” တရားမျှတစွာ ဆင်နွှဲ အနိုင်ယူခဲ့တာကို ပစ်ပယ်ကာ ထပ်မံအာဏာသိမ်းခဲ့ပါတယ်။
ပြည်သူတရပ်လုံးဟာ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး လူထုတိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲများနဲ့ ဆန့်ကျင်တော်လှန်ကြပါတယ်။
စစ်အာဏာရှင်တို့ဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူများကို ရက်စက်စွာ ဆန္ဒပြ နေတဲ့ ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ ရှေ့က စစ်အာဏာရှင်အဆက်ဆက် လက်နက်မဲ့ ပြည်သူများကို လက်နက်အားကိုးနဲ့ စိန်ခေါ်ခဲ့ သလို ယခု ၂၀၂၀ အာဏာသိမ်းစစ်တပ်ကလည်း ပြည်သူတို့ အပေါ်ကို “သေရဲ့တဲ့ကောင် ထွက်ခဲ့”ဆိုပြီး စိန်ခေါ်ခဲ့ပြန်ပါတယ်။
 
ပြည်သူအပေါင်းတို့ခင်ဗျာ
 
ယခုတခါ စစ်အုပ်စု၊ စစ်တပ်ရဲ့ လက်နက်မဲ့ ပြည်သူများကို လက်နက်အားကိုးနဲ့ “သေရဲတဲ့ကောင် ထွက်ခဲ့”ဆိုတဲ့ စိန်ခေါ်မှုကို ပြည်သူအပေါင်းက သည်းမခံနိုင်တော့ဘဲ စစ်အာဏာရှင်စနစ်နဲ့ ဖောက်ပြန် ပျက်စီးနေတဲ့ မြန်မာစစ်တပ်ကို အမြစ်ဖြုတ်ရှင်းထုတ်ဖို့ “လက်နက်ကိုင် တော်လှန်ရေး”ကို ရွေးချယ်ကာ စစ်တပ်ကို “ဒါးကိုဒါးချင်း လှံကိုလှံချင်း” ပြန်လည်တုံ့ပြန်အဖြေပေးလိုက်ပြီ ဖြစ်ပါတယ်။
တော်လှန်ရေး တနှစ်တာကာလအတွင်းမှာ ပြည်သူတို့ရဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ကို “ပစ်ရင် မိုးပေါ်ထောင်မပစ်ဘဲ တည့်တည့်မှန်အောင်” ပစ်ပြခဲ့ကြပါတယ်။
ယခုအချိန်မှာ စစ်အာဏာရှင်တို့နဲ့ ဖောက်ပြန်ပျက်စီးသွားပြီဖြစ်တဲ့ ၎င်းတို့ရဲ့ စစ်တပ်၊ သေရဲတဲ့ ကောင်ထွက်ခဲ့ လို့ လက်နက်မဲ့ ပြည်သူတို့ကို စိန်ခေါ်ခဲ့တဲ့ စစ်တပ်ကို ပြည်သူ့တော်လှန်ရေးအဖွဲ့များရဲ့ “သေရဲတဲ့ မင်းတို့စစ်တပ်က ကောင်တွေထွက်ခဲ့” ဆိုတဲ့ တုံ့ပြန်မှုအောက်မှာ မကြာခင် ပြိုကျပျက်စီး မိုက်ဇာတ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။
 
ပြည်သူအပေါင်းတို့ခင်ဗျာ
၁၉၆၂ စစ်အာဏာရှင်စနစ်ရဲ့ ပထမဆုံး ပန္နက်ရိုက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ဟာ စစ်အာဏာရှင်စနစ်ရဲ့ ပထမဆုံး ပန္နက်ရိုက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ဟာ စစ်အာဏာရှင်စနစ် ခေါင်းတလားကို ပိတ်သိမ်းသင်္ဂြိုဟ်မယ့် ခေါင်းတလားသံချက် တချက်ဖြစ်ပါတယ်။
ပြည်သူတရပ်လုံးကို လက်နက်အားကိုးနဲ့ ဖိနှိပ်အနိုင်ကျင့်ခဲ့တဲ့ ဖောက်ပြန်နေတဲ့ စစ်တပ်ကို အပြီးအပိုင် ရှင်းလင်းဖယ်ရှားလိုတဲ့ စိတ်ဓါတ်ဟာ ပိုမိုပြတ်သားလာပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးအပိုင် သင်္ဂြိုဟ် မြေမြှုပ်ပစ်မယ့် အပြီးသတ်ခေါင်တလားသံချက်များကို အတူတကွ ရိုက်နှက်ကြရင်း….
 
“အရေးတော်ပုံ အောင်ရမည်…..
သမဂ္ဂစိတ်ဓါတ် မြှင့်တင်ကြ….”
 
နိုင်သုဝဏ္ဏ
ပြည်ထောင်စုဝန်ကြီး
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ