၂ဝ၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားမည့်မိန့်ခွန်းကောက်နှုတ်ချက်

  • ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် ၁၈၉၀ ခုနှစ်မှ စတင်ကျင်းပခဲ့ကြရာ ယခုဆိုလျှင် ၁၃၄ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊
  • မြန်မာနိုင်ငံတွင်လည်း တိုင်းပြည်အတွက် မရှိမဖြစ် စွမ်းအားစုကြီးဖြစ်သော မြန်မာအလုပ် သမားထုကြီးအား ဂုဏ်ပြုသည့်အနေဖြင့် မေဒေးအခမ်းအနားကို ၁၉၃၈ ခုနှစ်၊ မေလ ၁ ရက်နေ့မှ စတင် ကျင်းပခဲ့ကြောင်း၊
  • အလုပ်သမားများအနေဖြင့် မိမိအခွင့်အရေးကို သိရှိကာ မိမိတို့ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် နေ့ထူးနေ့မြတ် ဖြစ် ကြောင်း၊
  • မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး အဆိုပါနှစ်မှာပင် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ကြောင်း၊
  • ထို့နောက် အလုပ်သမားအစည်းအရုံးများ အားကောင်းလာခဲ့ပြီး အလုပ်သမားဥပဒေ ပြုပြင် ပြောင်းလဲရေး၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ဝန်နှင့်အား မျှတသည့် အလုပ်များ လုပ်ဆောင်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊
  • သို့ရာတွင် စစ်အာဏာရှင်များ၏ နိုင်ငံတော်အချုပ်အခြာအာဏာကို သိမ်းယူခဲ့ပြီး နောက် ပိုင်း ဆယ်စုနှစ်ပေါင်းများစွာ အခြေခံအလုပ်သမားအခွင့်အရေးများဆုံးရှုံးကာ အလုပ်သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကိုပါ ကန့်သတ်ပိတ်ပင်ခဲ့ကြောင်း၊
  • ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပုံမှန်ဝင်ငွေ ရရှိမှု ဆုံးရှုံးနေရပြီး လူမှုစီးပွားဘဝများ ထိခိုက်ခံစားနေချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် စစ်အုပ်စုက တဖန်ပြန်လည် အာဏာလုယူခဲ့ခြင်းကြောင့် မြန်မာအလုပ်သမားထု ကြီးအပါအဝင် ပြည်သူတစ်ရပ်လုံး အတိဒုက္ခရောက်ကြရကြောင်း၊ အခြေခံအလုပ်သမား အခွင့်အရေးနှင့်လူ့အခွင့်အရေးများ အဆိုးရွားဆုံးအခြေအနေထိ ချိုးဖောက်ခံနေရကြောင်း၊
  • အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ခြင်း၊ အာဏာရှင်စနစ်ကို ဆန့်ကျင် ပြီး ဒီမိုကရေစီ လိုလားသည့် အလုပ်သမားများကို တရားမဲ့ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုရုံးတောင်းဆိုခွင့်များ ပိတ်ပင်ခြင်း၊ အဓမ္မအလုပ် ခိုင်းစေခြင်းစသည့် ပုံစံမျိုးစုံဖြင့် စစ်အုပ်စု၏ အကြမ်းဖက်ဖိနှိပ်မှုများ ခံရကြောင်း၊
  • ထို့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားထုတစ်ရပ်လုံးသည် မိမိတို့၏ အခွင့်အရေးကို ကာကွယ်ရန်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် နွေဦးတော်လှန်ရေးတွင် ပြည်သူလူထုနှင့်အတူ စည်းလုံးတက်ကြွစွာ ပါဝင်လာခဲ့ကြပြီး ယနေ့အချိန်ထိ မဆုတ်မနစ် အနစ်နာခံ၊ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေမှုများအတွက် များစွာလေးစားဂုဏ်ပြုအပ်ပါကြောင်း၊
  • စစ်အုပ်စု၏ အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ အထူးသဖြင့် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် ILO ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုဝေးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈)နှင့် အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀) ကို ချိုးဖောက်နေမှုများ အတွက် ILO ဖွဲ့စည်းပုံစည်းမျဉ်းများအရ အမြင့်ဆုံးအဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry on Myanmar-COI) ကို ဖွဲ့စည်း ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊
  • COI ၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များသည် ခိုင်မာတိကျပြီး စစ်အုပ်စု၏ ကျူးလွန်မှုများကို အထင်အရှား ပေါ်လွင်နေကြောင်း၊ COI အစီရင်ခံစာပါ တိုက်တွန်းချက်များတွင် အခြေခံ အခွင့်အရေးများချိုးဖောက်နေသည့် စစ်အုပ်စုအနေဖြင့် ကျူးလွန်နေမှုများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးထား၍ ရပ်တန့်ရန် တိုက်တွန်းခဲ့သော်လည်း စစ်တပ်အနေ ဖြင့် အလုပ်သမားထုနှင့် ပြည်သူလူထုအပေါ် နေ့စဉ်အကြမ်းဖက်ဖိနှိပ်မှုများ ဆက်လက် ကျူးလွန်လျက်ရှိကြောင်း၊
  • အဘက်ဘက်မှ ရှုံးနိမ့်နေသော စစ်အုပ်စုသည် အဓမ္မစစ်သားစုဆောင်းမှုအတွက် ဥပဒေ တစ်ရပ်ကို အခွင့်အာဏာမရှိဘဲ ထုတ်ပြန်ကာ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ် ရှိသော လူငယ်များကို ဖမ်းဆီးခြိမ်းခြောက်၍ စစ်သားစုဆောင်းလျက်ရှိကြောင်း၊ အဆိုပါ လုပ်ရက်သည် စစ်မှုထမ်းဆောင်စေခြင်းထက် အဆိုးရွားပုံစံဖြင့် အဓမ္မခိုင်းစေမှု (The Worst Form of Forced Labour) ဖြစ်ပေါ်စေကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (War Crime and Crime against Humanity) လုပ်ရပ်သာ ဖြစ်ကြောင်း၊ ILO COI ၏ တိုက်တွန်းချက်များကိုလည်း မထီမဲ့မြင် ပြုခြင်းဖြစ်ကြောင်း၊
  • ထို့ပြင် ပြည်ပရောက် နိုင်ငံသားများ၊ အလုပ်သမားများ၏ လစာဝင်ငွေမှ ဝင်ငွေခွန် အဓမ္မ ကောက်ခံခြင်း၊ အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို ၎င်းတို့ သတ်မှတ်ထားသည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ရန် ဖိအားပေးခြင်း၊ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရက်များအတွက် သွေးစွန်းငွေ မဖြစ်စေလို၍ လိုက်နာမှု မရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးမပေးခြင်း စသည် ဖြင့် စစ်အုပ်စုသည် ပြည်တွင်းအလုပ်သမားများသာမက ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ်တွင်လည်း နည်းမျိုးစုံဖြင့် ဖိနှိပ်လျက်ရှိကြောင်း၊
  • မြန်မာနိုင်ငံတွင် စစ်အုပ်စု တည်မြဲနေသ၍၊ ဒီမိုကရေစီ မရသ၍ အလုပ်သမားအခွင့်အရေး အပါအဝင် မည်သည့်အခွင့်အရေးမျှ ရရှိနိုင်မည်မဟုတ်ကြောင်း၊
  • နွေဦးတော်လှန်ရေး အမြန်ဆုံး အဆုံးသတ်အောင်မြင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားထုကြီးအပါအဝင် ပြည်သူတစ်ရပ်လုံး ညီညွတ်စွာဖြင့် ဆက်လက်ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းလိုကြောင်း၊
  • ILO အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့အစည်းများ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးလိုလားသည့် ILO အဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း အကြမ်းဖက်မှုများ ကျူးလွန်နေ သည့် စစ်အုပ်စုအား ILO ဖွဲ့စည်းပုံစည်းမျဉ်းများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူ ခြင်း၊ လာမည့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်မည့် ၁၁၂ ကြိမ်မြောက်၊ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(ILC)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံအသိအမှတ်ပြုပေးခြင်းဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်ရေးတို့အတွက် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု များ ဆောင်ရွက်ပေးရန် အလေးအနက်တောင်းဆိုပါကြောင်း၊
  • နွေဦးတော်လှန်ရေးတွင်သာမက တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်ပါ အရေးပါသည့် စွမ်းအားစုကြီးဖြစ်သော ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားထုကြီးအား အစဉ်လေးစားဂုဏ်ပြုပါကြောင်း။ အရေးတော်ပုံ မုချအောင်ရမည်။
Scroll to Top